ကာကွယ်ဆေး တင်ပို့ရေးမှာ ကူညီဖို့ ဥရောပ သမဂ္ဂကို ဂျပန် တောင်းဆို

ဥရောပ သမဂ္ဂ (EU) အဝန်းအဝိုင်းကနေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ဖြူးမှု တည်တည်ငြိမ်ငြိမ် ရရှိနိုင်ရေး ကြိုးပမ်းမှုတွေမှာ EU က ပူးပေါင်းဆောင်ရွက်ပေးဖို့ ဂျပန်က တောင်းဆိုခဲ့ပါတယ်။

ဂျပန်နဲ့ EU ဝန်ကြီးတွေ တနင်္လာနေ့က အွန်လိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အသက်ဝင်လာခဲ့တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အခြေခံပြီး ကုန်သွယ်ရေးဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးဖို့ ဒီအစည်းအဝေးကို ပုံမှန်ကျင်းပနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာ EU က သူတို့ရဲ့ အဝန်းအဝိုင်းအတွင်းမှာ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကို ကြေညာခဲ့ပါတယ်။
အခုအခါ EU မဟုတ်တဲ့ ဈေးကွက်တွေကို တင်ပို့တဲ့အခါ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီကာကွယ်ဆေးတွေကို တင်ပို့မယ့်နေရာနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာရမှာဖြစ်ပြီး ကြိုတင် ခွင့်ပြုချက်ကို ရယူဖို့ လိုအပ်ပါတယ်။
အစည်းအဝေးအတွင်းမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ဒီလုပ်ဆောင်မှုက EU နိုင်ငံတွေကနေ ဂျပန်ကို စီစဉ်ထားတဲ့ ကာကွယ်ဆေး ထောက်ပံ့မှုအပေါ် ဂယက်ရိုက်လာမှာကို သူ့အနေနဲ့ မလိုလားဘူးလို့ ပြောကြားခဲ့ပါတယ်။
EU ရဲ့ ကုန်သွယ်ရေး ကော်မရှင်နာ Valdis Dombrovskis က ဂျပန်ရဲ့ စိုးရိမ်မှုကို နားလည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂျပန်နဲ့အကြား ရင်းနှီးတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ထုတ်လုပ်သူတွေနဲ့ သဘောတူစာချုပ်အရ ကတိပြုထားတဲ့အတိုင်း ဂျပန်ကို ကာကွယ်ဆေးတွေ ချောချောမွေ့မွေ့ တင်ပို့နိုင်ရေးအတွက် EU က အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။