NLDပါတီ၊ ရဲ့ မော်လမြိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန် နဲ့ ဆက်သွယ်မေးမြန်းချက်။

နေပြည်တော် ရှိ စည်ပင်ရိပ်သာ တွင်ထိမ်းသိမ်းထား ခံရသော NLDပါတီ၊ ရဲ့ မော်လမြိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန် နဲ့ တယ်လီဖုန်း ဆက်သွယ်မေးမြန်း ထားပါတယ်။
မနက်၄နာရီလောက် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က ကျွန်တော့် ကိုလာနှိုးတယ်” ညီဖုန်းလိုင်းတွေပြတ်သွားပြီ၊ အာဏာသိမ်းပြီထင်တယ်” တဲ့။ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က ကြိုကြားထားတာ။ အဲဒါနဲ့ အပြင်ကို ကားနဲ့ထွက်တော့ အဝင်ဝမှာ ရဲတွေက ကျွန်တော် တို့ကို တားတယ်။ “ညီလေးဘယ်သွားမလို့လဲ” တဲ့။ ကျွန်တော် သပြေကုန်းဈေးမှာ ပစ္စည်းသွားထုတ်မလို့ လို့ ပြောတော့ “ ညီလေး ထွက်လို့မရတော့ဘူး။ စစ်တပ်က ကားတွေရောက်နေပြီ”တဲ့ ပြောတယ်။ အဲဒီတော့ ကျွန်တော် တို့ထွက်ခွင့်မရတော့ ဘူး။ ကျွန်တော် တို့ စည်ပင်ရုံးထဲမှာပဲ အနိုင်ရNLD လွှတ်တော် ကိုယ်စားလှယ်တွေရော၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေရော၊ ကျွန်တော် ထင်တာ ကြံ့ခိုင်ရေး ကိုယ်စားလှယ်က လွဲပြီး ကျန်တဲ့ကိုယ်စားလှယ် အားလုံး ၄၀၀ ကျော်လောက် ရှိမယ်ထင်တယ်။ အတူတူနေနေကြပါတယ်။ အေးအေးဆေးဆေးပါပဲ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးပါ။
ကျွန်တော် တို့လွှတ်တော် ကိုယ်စားလှယ်တွေမှာ ပြည်သူပေးတဲ့ အာဏာပဲရှိတယ်။ လက်နက်မှ မရှိတာ။ ကျွန်တော် တို့က ဒီတိုင်းပဲ ရင်ဆိုင်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရမယ်။ လာဖမ်းရင် ခေါ်သွားဖို့အတွက် အထုတ်တောင် ထုပ်ထားပါတယ်။ လွန်ခဲ့တဲ့ ၄ရက်လောက်ကတည်းက အထုတ် ထုပ်ထားတယ်။ ရှေ့က နိုင်ငံရေး အကိုကြီးတွေကလည်း ကျွန်တော် တို့ကို မှာပါတယ်။ ဒါတွေ ပြင်ဆင်ထားပါ။ လာဖမ်းရင် ညီလေးတို့ လိုက်သွားရမယ်လို့ ပြောထားပြီးသားပါ။
ဒီ ၂၀၂၀ မှာ အနိုင်ရရှိတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင်က ကျွန်တော် တို့ NLD နဲ့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံလို့။ ပြည်သူတွေ အားလုံးက မဲပေးခဲ့လို့ ကျွန်တော်တို့ နိုင်တာပါ။ ပြီးတော့မှ သူတို့က မဲစာရင်းမှားကို အကြောင်းပြပြီးတော့ ကျွန်တော်တို့ကို အာဏာသိမ်းတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ လုပ်လည်း မလုပ်သင့်တဲ့ ကိစ္စပါ။ ဒီမိုကရေစီ အညွှန့်တက်လာတဲ့ ကျွန်တော် တို့နိုင်ငံ။ အခုမှ တိုးတက်လာစ ကျွန်တော်တို့ နိုင်ငံကို အာဏာသိမ်းတယ် ဆိုတာကြီးက တိုးတက်မှုကို ရိုက်ချိုး လိုက်သလိုပါပဲ။ အကျပ်အတည်းကာလမှာ ဝိုင်းဝန်းပြီးတော့ တကမ္ဘာလုံးကရော နိုင်ံငံတကာ ကပါ ဝန်းရံပြီး ကူညီပေးကြပါလို့ ကျွန်တော့် အနေနဲ့ ပြောကြားလိုပါတယ်။