တရုတ်အစိုးရရဲ့ ကမ်းခြေစောင့်ဥပဒေ စတင်အသက်ဝင်

တရုတ်အစိုးရရဲ့ ကမ်းခြေစောင့်တပ်က နိုင်ငံ့ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြား သင်္ဘောတွေကို အတင်းအကျပ် နှင်ထုတ်တာ နဲ့ တကယ်လို့ အဲဒီသင်္ဘောတွေက အမိန့်တွေကို မလိုက်နာရင် ကမ်းခြေစောင့်တပ်ဖွဲ့က လက်နက်အင်အားသုံးဖို့ ခွင့်ပြုထားတဲ့ ဥပဒေအသစ်တစ်ခုဟာ တနင်္လာနေ့မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဥပဒေဟာ ကမ်းခြေစောင့်တပ်ရဲ့ အခန်းကဏ္ဍ နဲ့ လုပ်ပိုင်ခွင့်အာဏာကို ရှင်းလင်းအောင် ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီး တရုတ်အစိုးရရဲ့ ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာမူဝါဒကတော့ အပြောင်းအလဲမရှိဘူးလို့ အလေးထားပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အရှေ့တရုတ်ပင်လယ်ထဲမှာရှိတဲ့ Senkaku ကျွန်းစုရဲ့ အနီးတစ်ဝိုက်မှာ တရုတ်အစိုးရက ပိုမိုပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်လာနိုင်ဖွယ်ရှိတာနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ဂျပန်မှာတိုးလာနေပါတယ်။
ဂျပန်က အဲဒီကျွန်းစုကို ထိန်းချုပ်ထားပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုနေပါတယ်။ ဂျပန်အစိုးရက ဒီကျွန်းစုရဲ့ အချုပ်အခြာအာဏာဆိုင်ရာကိစ္စရပ်မှာ ဘာပြဿနာမှ မရှိဘူးဆိုတဲ့ ရပ်တည်ချက်ကို စွဲကိုင်ထားပါတယ်။
တရုတ်အစိုးရရဲ့ ကမ်းခြေစောင့် သင်္ဘောတွေဟာ အဲဒီကျွန်းစုတွေ အနီးမှာ လှည့်လည်နေတာကို နေ့တိုင်းနီးပါး တွေ့ရပါတယ်။ အဲဒီထဲက တချို့သင်္ဘောတွေဟာ ဂျပန့်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဂျပန်ငါးဖမ်းရေယာဉ်တွေနောက်ကနေလိုက်ခဲ့ကြပါတယ်။