မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အမေရိကန်က စိုးရိမ်

မြန်မာစစ်တပ်က နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အာဏာရပါတီက အကြီးတန်းအဖွဲ့ဝင်တွေကို ထိန်းသိမ်းလိုက်ပြီ ဆိုတဲ့သတင်းကြောင့် အမေရိကန်ပြည်ထောင်စုဟာ စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psaki က တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စစ်တပ်နဲ့ တခြားသက်ဆိုင်သူအားလုံးဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ တရားဥပဒေစိုးမိုးရေးကို လိုက်နာကျင့်သုံးကြဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းပါတယ်လို့ ဆိုထားပါတယ်။ ထိန်းသိမ်းခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ သမ္မတ Joe Biden ကို နိုင်ငံ့လုံခြုံရေးအကြံပေး Jake Sullivan က အခြေအနေတွေကို ရှင်းလင်းပြောပြခဲ့တယ်လို့ အဲဒီကြေညာချက်ထဲမှာ ဆိုထားပါတယ်။
အဲဒါအပြင် အမေရိကန်ပြည်ထောင်စုဟာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲအောင်လုပ်ဖို့ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဟန့်တားတဲ့ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်တယ်ဆိုတာနဲ့ အဲဒီလိုမျိုးကြိုးပမ်းမှုတွေကို မပြင်လို့ကတော့ တာဝန်ရှိတဲ့သူတွေကို အရေးယူမှာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ထပ်လောင်းဖော်ပြထားပါတယ်။
သြစတြေးလျားနိုင်ငံခြားရေးဝန်ကြီး Marise Payne က ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ပတ်သက်တဲ့သတင်းတွေအတွက် သြစတြေးလျားအစိုးရဟာ အင်မတန်မှ စိုးရိမ်တယ်လို့ ကြေညာချက်တစ်စောင်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာဖို့ မီးစ် Payne က မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။