ရန်ကုန်တွင် ဆက်သွယ်ရေးပြတ်တောက်လို့ မြို့နေပြည်သူများ ပြောဆို

ရန်ကုန်မြို့မှာနေထိုင်နေကြသူတွေက စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ကြေညာခဲ့ပြီးချိန်နောက်ပိုင်း ဆက်သွယ်ရေးပြတ်တောက်ခဲ့ရတယ်လို့ ပြောဆိုကြပါတယ်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးက NHK ကို ပြောဆိုရာမှာ တချို့ Wi-Fi ဆက်သွယ်မှုတွေကလွဲပြီး ဆက်သွယ်ရေးနည်းလမ်း အားလုံးဟာ ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
သူက ရန်ကုန်မြို့ပြင်ပမှာရှိတဲ့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဆီ တယ်လီဖုန်း ခေါ်လို့မရဘူးလို့ ပြောပါတယ်။
လူအတော်များများဟာ ATM စက်တွေကနေ ငွေထုတ်ယူဖို့ အတွက် တန်းစီစောင့်ဆိုင်းနေကြတယ်ဆိုတာနဲ့ ငွေထုတ်လို့ ရကြပုံမပေါ်ဘူးလို့လည်း သူက ဆိုပါတယ်။
ရန်ကုန်မြို့မှာ ဂျပန်နဲ့ ပေါင်းဖက်ထားတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဂျပန်အမျိုးသားတစ်ဦးကလည်း သူ့ရဲ့ကုမ္ပဏီက သူ့ကို အိမ်မှာပဲနေဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ လမ်းတွေပေါ်မှာ လူနဲ့ ယာဉ်တွေ အနည်းငယ်ပဲ သွားလာနေတာကို မြင်တွေ့ရတယ်လို့ လည်း ဆိုပါတယ်။ အဲဒါအပြင် လုပ်ဖော်ကိုင်ဘက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အနီးတဝိုက်မှာ စစ်သားအများအပြားကို တွေ့ရတယ်လို့ သူ့ကို ပြောတဲ့အကြောင်းကိုလည်း ပြောပြပါတယ်။
အင်တာနက်အဆက်အသွယ်လည်း မကောင်းဘူးဆိုတာနဲ့ တယ်လီဖုန်းလည်း ခေါ်လို့မရဘူးလို့ အဲဒီဂျပန်လူမျိုးက ပြောပါတယ်။