ရေခဲမျော ရှုခင်းတွေကို ကြည့်ရှုနိုင်မယ့်ခရီးစဉ် ဟော့ကိုင်းဒိုး ရထားလိုင်း စတင်

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ ပြေးဆွဲနေတဲ့ ရထားကုမ္ပဏီက ခရီးသွားတွေအတွက် Okhotsk ပင်လယ်ကမ်းခြေမှာ မျောနေတဲ့ ရေခဲထုတွေကို ကြည့်ရှုနိုင်မယ့် ခရီးစဉ် ဝန်ဆောင်မှုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

စနေနေ့က ပြုလုပ်တဲ့ ဖွင့်ပွဲ အခမ်းအနားနောက်ပိုင်း ဒီရာသီအတွက် ပထမဆုံး Ryuhyo Monogatari ရထားဟာ JR Senmo လိုင်းမှာရှိတဲ့ Abashiri ဘူတာကနေ စတင်ထွက်ခွာခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ လူပေါင်း ၂၀ လောက်လိုက်ပါလာခဲ့ပြီး၊ အများစုက ဟော့ကိုင်းဒိုးရဲ့ တခြားဒေသက ခရီးသွားတွေ ဖြစ်ပါတယ်။
ရထားတွဲ ၂တွဲပါဝင်တဲ့ အဲဒီ ရထားကို အဝါရောင်ပေါ်မှာ ရေခဲမျောတွေ၊ အစိမ်းရောင် တောအုပ်ပုံ ပန်းချီတွေနဲ့ ပုံဖော်ထားပါတယ်။ အဲဒီ ရထားတွဲခေါင်းတွေမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေက လူကြိုက်များခဲ့တဲ့ တီဗီဂိမ်းထဲက ပုံရိပ်တစ်ခုကိုလည်း ဆွဲထားပါတယ်။
ခရီးသည်တွေဟာ Shiretoko-Shari ကို ဦးတည်သွားတဲ့ တစ်နာရီကြာ အဲဒီခရီးစဉ်အတွင်း နှင်းတွေ ဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Okhotsk ပင်လယ်ပြင်ပေါ်က ရေလှိုင်းဖွေးဖွေးတွေကို ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
Abashiri မြို့မှာရှိတဲ့ ခရီးသွားလုပ်ငန်းဌာနက အကြီးတန်းအရာရှိ တစ်ဦးက ခရီးသွားတွေဟာ တတ်နိုင်သလောက် အမြန်ဆုံး ရေခဲမျောကြီးတွေ ဒေသတွင်း ကမ်းခြေနားရောက်လာတာကို ကြည့်မြင်လိုကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ရေခဲတုံးတွေ ဖုံးလွှမ်းနေတဲ့ Okhotsk ပင်လယ်ရဲ့ ရှုခင်းကို လူအတော်များများ သဘောကျ နှစ်သက်ကြမယ်လို့ ထင်ပါကြောင်း သူကပြောခဲ့ပါတယ်။
အဲဒီရထားကို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တစ်နေ့ နှစ်ကြိမ်ပြေးဆွဲမှာ ဖြစ်ပါတယ်။