ဟောင်ကောင်ပြည်သူတွေအတွက် ဗီဇာပုံစံသစ် UK စတင်

ပင်လယ်ရပ်ခြား ဗြိတိန်နိုင်ငံသား (BNO) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်တဲ့ ဟောင်ကောင်မှာ နေထိုင်သူတွေအတွက် ဗီဇာပုံစံသစ် လျှောက်လွှာလက်ခံမှု တွေကို ဗြိတိန်အစိုးရက စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ တရုတ်အစိုးရက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ဗြိတိန်အစိုးရက BNO နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအတွက် ဗီဇာပုံစံသစ် စတင်ကျင့်သုံးမဲ့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဥပဒေက ဟောင်ကောင်မှာရှိတဲ့ အစိုးရဆန့်ကျင် ရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အဲဒီ ဗီဇာစနစ်သစ်အရ၊ ၁၉၉၇ ခုနှစ် တရုတ်နိုင်ငံကို မလွှဲပြောင်းခင် ဟောင်ကောင်မှာ မွေးဖွားခဲ့ပြီး BNO လက်မှတ် ကိုင်ဆောင်ထားသူတွေကို အထူးဗီဇာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကစပြီး အွန်လိုင်းကနေ အဲဒီဗီဇာကို လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
အဲဒီ ဗီဇာပုံစံသစ် ကိုင်ဆောင်သူတွေဟာ ဗြိတိန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် နဲ့ ပညာသင်ကြားခွင့်ရှိမှာ ဖြစ်ပါတယ်။ အဲဒီဗီဇာနဲ့ ဗြိတိန် နိုင်ငံမှာ ငါးနှစ်ကြာ နေထိုင်ပြီးတဲ့နောက်မှာ သူတို့ဟာ ဗြိတိန်နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ပြီး အခြေချနေထိုင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။
ဗြိတိန်အစိုးရက ဟောင်ကောင်လူဦးရေရဲ့ ၇၀ ရာနှုန်းလောက်ရှိတဲ့ ၅.၂သန်း အတွက် ဒီအစီအစဉ်ဟာ အကျုံးဝင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး၊ ဟောင်ကောင်မှာ နေထိုင်သူ ၃၂၀,၀၀၀ လောက်အထိဟာ ပထမ ၅ နှစ် အတွင်း ဗြိတိန်နိုင်ငံကို ပြောင်းရွှေ့လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်အစိုးရက BNO နိုင်ငံကူးလက်မှတ်တွေကို တရားဝင် ခရီးသွားခြင်း ဆိုင်ရာ ဒါမှမဟုတ် သက်သေခံ စာရွက်စာတမ်းတွေ အဖြစ် အသိအမှတ်ပြု တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒီကိစ္စအပေါ် နောက်ထပ် စီမံဆောင်ရွက်ချက်တွေ ချမှတ်လုပ်ဆောင်ဖို့လည်း ရှိသေးတယ်လို့ တရုတ်အစိုးရက သတိပေးခဲ့ပါတယ်။