TPP မှာ ပါဝင်ဖို့ UK လျှောက်ထားဖို့ရှိ

အာရှပစိဖိတ်ဒေသနဲ့ ကုန်သွယ်မှု အချိတ်အဆက်တွေ တိုးချဲ့ဖို့နဲ့ ပိုမို နက်ရှိုင်းလာစေဖို့ အာရှပစိဖိတ်ဒေသ စီးပွားရေး မဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (TPP) ကိုဝင်ဖို့ လျှောက်ထားမယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ဗြိတိန်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး Elizabeth Truss ဟာ ဂျပန်နဲ့ နယူးဇီလန်နိုင်ငံတွေက ကုန်သွယ်ရေးဝန်ကြီးတွေနဲ့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် တရားဝင် မေတ္တာရပ်ခံမှု ပြုလုပ်မှာ ဖြစ်ပါတယ်။
ပြီးပြည့်စုံပြီး တိုးတက်တဲ့ ပစိဖိတ်ဒေသတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုလို့လဲ လူသိများတဲ့ TPP အဖွဲ့ဝင် ၁၁ နိုင်ငံအတွက် ဂျပန်က သဘာပတိ နိုင်ငံအဖြစ် ဆောင်ရွက်နေပြီး နယူးဇီလန်နိုင်ငံက စာချုပ်ချုပ်ဆိုနိုင်ရေး တာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်က ဥရောပသမဂ္ဂကနေ ထွက်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ အီးယူရဲ့ ပြင်ပမှာရှိတဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေးကို အားကောင်းအောင် လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးကို ချဲ့ထွင်ဖို့ ကြိုးပမ်းလာနေပါတယ်။
ဗြိတိန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဂျပန်နဲ့စီးပွားရေး မိတ်ဖက်စာချုပ် ချုပ်ဆိုခဲ့ပြီး TPP မှာပါဝင်ဖို့ အလွန်စိတ်ဝင်စားတယ်ဆိုတာကို ပြသခဲ့ပါတယ်။ ဗြိတိန်ဟာ စတင်တည်ထောင်စဉ်မှာ ပါဝင်တဲ့ နိုင်ငံတွေကလွဲလို့ အဖွဲ့ဝင်တစ်နိုင်ငံအဖြစ်ပါဝင်ဖို့ တရားဝင်လျှောက်ထားတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါလိမ့်မယ်။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က “CPTPP နဲ့ ပူးပေါင်းတဲ့ ပထမဆုံး အဖွဲ့ဝင်နိုင်ငံသစ် ဖြစ်ဖို့ လျှောက်ထားတာဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြသတာ ဖြစ်တယ်။“ လို့ ပြောကြားခဲ့ပါတယ်။