ကာကွယ်ဆေးတင်ပို့မှုဆိုင်ရာ ထိန်းချုပ်မှုတွေကို EU သတ်မှတ်

အဖွဲ့ဝင်နိုင်ငံတွေမှာ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးတင်ပို့မှု ထိန်းချုပ်မှုတွေကို သတ်မှတ်မယ်လို့ ဥရောသမဂ္ဂ (EU) က သောကြာနေ့က ကြေညာခဲ့ပါတယ်။

EU မဟုတ်တဲ့ စျေးကွက်တွေကို တင်ပို့မယ့် ထုတ်လုပ်သူတွေဟာ တင်ပို့မှုခွင့်ပြုချက်ကို တောင်းခံဖို့ လိုအပ်မယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဒီလုပ်ဆောင်မှုဟာ ကာကွယ်ဆေးတင်ပို့မှုကို ပိုမိုရှင်းလင်းပြတ်သားစေဖို့ ရည်ရွယ်တယ်လို့ ဆိုပြီး EU အနေနဲ့ မိမိဒေသအတွင်း လုံလောက်တဲ့ ပမာဏကို ရရှိထားဖို့ လိုအပ်တယ်လို့ သူတို့က အလေးပေး ပြောကြားခဲ့ပါတယ်။
အဲဒီ စီမံချက်ဟာ စနေနေ့ကနေ စပြီး မတ်လအကုန်အထိ အသက်ဝင်နေမှာ ဖြစ်ပါတယ်။ကာကွယ်ဆေးတွေကို ကမ္ဘာတစ်ဝန်း မျှတစွာ ဖြန့်ဖြူးရေး သေချာစေဖို့ ရည်မှန်းထားတဲ့ COVAX စီမံချက်မှာ ပါဝင်တဲ့ နိုင်ငံတွေကိုတော့ ကင်းလွတ်ခွင့်ပြုမှာ ဖြစ်ပါတယ်။
EU က ပြည်သူပြည်သားတွေကို ကာကွယ်ရေးနဲ့ ဘေးကင်းလုံခြုံမှုရှိရေးတို့က ဦးစားပေးဖြစ်ကြောင်း ဥရောပကော်မရှင်အမှုဆောင် ဒုတိယဥက္ကဋ္ဌValdis Dombrovskis က ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး Mariangela Simao က ဒီစီမံချက်အသစ်ဟာ “အလွန်စိုးရိမ်စရာကောင်းတဲ့ အလားအလာ”ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
သူက ဘယ်ထုတ်ကုန်ကိုမှ တစ်နေရာတည်းမှာ ထုတ်လုပ်တယ်ဆိုတာ မရှိဘူး လို့ ဆိုပြီး “ကာကွယ်ဆေးထုတ်လုပ်ဖို့လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်တာကို ခွင့်မပြုတဲ့ ပိတ်ဆို့မှုတွေ၊ အတားအဆီးတွေ ထားရှိတဲ့ နိုင်ငံတွေရှိနေတာက ဒီလိုအခြေအနေမျိုးမှာ အကျိုးမရှိဘူး” လို့ ဆိုပါတယ်။