ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ဂျပန်အစိုးရ လေ့လာမယ်

Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို ဂျပန့်ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်ပါတယ်။

အတည်ပြုချက်ရခဲ့မယ်ဆိုရင် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကာကွယ်ဆေးထိုးခြင်း စတင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။
အသက် ၂၀ နဲ့ အထက်ရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တစ်ခြားဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀၀၀၀ ကျော်ကို ပထမဆုံး ကာကွယ်ဆေးထိုးပေးမှာ ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။အဲဒီလူတွေရဲ့ သဘောတူညီမှုကိုလည်း ရရှိပြီး ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံပိုင်နဲ့ ပြည်သူပိုင် ဆေးရုံဆေးခန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပေးမယ့် နေရာတွေအဖြစ် အသုံးပြုဖို့အတွက် အစိုးရက သတ်မှတ်ထားပါတယ်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခံပြီးတဲ့လူတွေကို ၂၈ ရက်ကြာ စောင့်ကြည့်စစ်ဆေးဖို့အတွက် အဲဒီဆေးရုံ၊ ဆေးခန်းတွေကို တာဝန်ပေးထားပါတယ်။
အစိုးရလေ့လာရေးအဖွဲ့က အချက်အလက်တွေကို ကောက်ယူစုစည်းသွားမှာ ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကအဲဒီ အချက်အလက်တွေကို ပုံမှန်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ အတည်ပြုချက်ရဖို့အတွက် စစ်ဆေးမှုတွေပြုလုပ်နေတဲ့ Moderna နဲ့ AstraZeneca ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးနှစ်မျိုးလုံးအတွက် အလားတူ လေ့လာမှုတွေကို ပြုလုပ်ဖို့ စီစဉ်နေပါတယ်။