Pfizer က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး လက်တွေ့ စမ်းသပ်သုံးစွဲမှုက တွေ့ရှိချက်တွေကို ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနဆီ တင်ပြ

အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Pfizer က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအတွက် ဂျပန်နိုင်ငံအတွင်းမှာ ပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်သုံးစွဲမှုက ရရှိခဲ့တဲ့ အချက်အလက်တွေကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနဆီ တင်ပြခဲ့တယ်လို့ NHK က သိရပါတယ်။

အသက် ၂၀ နဲ့ အထက် ဂျပန်လူမျိုး ၁၆၀ ပါဝင်တဲ့ လက်တွေ့ စမ်းသပ်သုံးစွဲမှုက ရရှိခဲ့တဲ့ အချက်အလက်တွေကို Pfizer ကုမ္ပဏီ က သောကြာနေ့က တင်ပြခဲ့တယ်လို့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
Pfizer ကုမ္ပဏီဟာ COVID-19 ရောဂါ ကာကွယ်ဆေးအတွက် ဂျပန်နိုင်ငံမှာ ခွင့်ပြုချက်ရဖို့ လျှောက်ထားတဲ့ တစ်ခုထဲသော ကုမ္ပဏီ ဖြစ်ပါတယ်။
ဒီနှစ်အတွင်းမှာ လူ ၇၂ သန်းအတွက် လုံလောက်တဲ့ ကာကွယ်ဆေး ဖြည့်ဆည်းပေးဖို့ Pfizer က ဂျပန်အစိုးရနဲ့ စာချုပ် ချုပ်ဆိုထားခဲ့ပါတယ်။
ကုမ္ပဏီက လက်တွေ့စမ်းသပ်သုံးစွဲမှုက ရရှိခဲ့တဲ့ အချက်အလက်တွေကို ဖေဖော်ဝါရီလကုန်မှာ တင်ပြဖို့ ကနဦးက စီစဉ်ထားခဲ့ပေမယ့် ဂျပန်အစိုးရရဲ့ တောင်းဆိုချက်ကြောင့် အခုလမှာ တင်ပြခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံပြင်ပမှာ ပြုလုပ်တဲ့ လက်တွေ့စမ်းသပ်သုံးစွဲမှုက ရရှိခဲ့တဲ့ အချက်အလက်တွေကို အခြေပြုပြီး အဲဒီကာကွယ်ဆေးကို အကဲဖြတ်မှုတွေလည်း လုပ်ဆောင်နေပြီဖြစ်ပါတယ်။ နောက်လထဲမှာ ကျွမ်းကျင်ပညာရှင်များနဲ့ ဆွေးနွေးပြီး ဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချဖို့ စီစဉ်ထားပါတယ်။
ခွင့်ပြုချက်ရရင် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေး စတင်ထိုးပေးဖို့ အစိုးရက စီစဉ်နေပါတယ်။