အရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံ ဆွေးနွေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဆက်ရှိနေတာကြောင့် တိုကျိုမြို့တော် နဲ့ အနီးပတ်ဝန်းကျင် ခရိုင် ၃ ခု က အုပ်ချုပ်ရေးမှူးတွေဟာ လက်ရှိ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေရဲ့ အနာဂတ်အတွက် ချင့်ချိန်စဉ်းစားနေကြပါတယ်။

တိုကျိုမြို့ နဲ့ တစ်ခြားခရိုင် ၁၀ ခုမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ကြေညာချက်က ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ ပြီးဆုံးဖို့ ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးတွေ သောကြာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အရေးပေါ်အခြေအနေကို ဆက်ထားမယ်ဆိုရင် ဘယ်လို လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး သူတို့က ဗဟိုအစိုးရနဲ့ တိုင်ပင်ဖို့ ဆန္ဒရှိနေပါတယ်။
အရေးပေါ်အခြေအနေကြေညာချက်ကို ဆက်ထားမယ်ဆိုရင် ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်လက်မဲ့ ဖြစ်သူတွေအတွက် ငွေကြေးအကူအညီ ပိုပြီးပေးဖို့ လိုအပ်မယ်လို့ သူတို့က ပြောပါတယ်။
တိုကျိုမြို့မှာ စနေနေ့ နေ့လည် ၃ နာရီ အထိအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၇၆၉ ဦး ရှိတယ်လို့ သိရပါတယ်။ တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက် လျှော့ကျလာနေပေမ့ယ် ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကတော့ စိုးရိမ်နေဆဲဖြစ်ပါတယ်။
“အခုလို ကူးစက်ခံရသူ အရေအတွက် နည်းနည်းကျသွားတာကို ကြည့်ပြီး လူတွေက သူတို့ရဲ့ အကာအကွယ်တွေကို ပေါ့ပေါ့ဆဆလုပ်ကြမယ်ဆိုရင် တစ်ပတ်နှစ်ပတ်အတွင်း အရေအတွက် ပြန်များလာနိုင်တယ်၊ ဒါမျိုးမဖြစ်ရအောင် လက်ရှိလုပ်နေတာတွေကို သေသေချာချာ ဆက်လုပ်သွားဖို့က အလွန် အရေးကြီးတယ်” လို့ ဂျပန့်ကူးစက်ရောဂါဆိုင်ရာဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ Tateda Kazuhiro က ပြောခဲ့ပါတယ်။