ဂျပန်မှ လာတဲ့ခရီးသွားများကို EU က ဝင်ရောက်ခွင့် ပြန်လည်တားမြစ်

ဂျပန်က လာတဲ့ ခရီးသွားတွေ ဝင်ရောက်တာကို ပြန်လည်တားမြစ်လိုက်ပြီလို့ ဥရောပသမဂ္ဂ EU ကကြေညာလိုက်ပါတယ်။

ဒါဟာ လတ်တလော ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ မြင့်တက်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
EU အဖွဲ့ဝင်နိုင်ငံတွေထဲ ဘယ်နိုင်ငံတွေက လူတွေကို ဝင်ရောက်ခွင့်ပြုမလဲဆိုတဲ့ စာရင်းကို အချိန်ကာလတစ်ခုအတွက် ပြန်လည်သုံးသပ်ခဲ့ပြီးတဲ့နောက် EU က ကြာသပတေးနေ့မှာ အဲဒီလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် EU ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဝင်ခွင့်ပြုနိုင်ငံစာရင်းထဲ ဂျပန်ကို ထည့်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ မူဝါဒအသစ်အရ ခရီးသွားဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ အကြောင်းရင်းတွေ ရှိတဲ့သူတွေက လွဲပြီး ဂျပန်က လာတဲ့သူတွေကို မူအားဖြင့် တားမြစ်မှာ ဖြစ်ပါတယ်။
EU အဖွဲ့ဝင် တစ်နိုင်ငံချင်းစီအနေနဲ့ ကိုယ့်နိုင်ငံတွေရဲ့နယ်နိမိတ်ကို ထိန်းချုပ်ပိုင်ခွင့်ရှိတဲ့အတွက် ဂျပန်ကလာတဲ့ ခရီးသွားတွေကို တကယ်လက်တွေ့မှာ တားမြစ်ပိတ်ပင်မှာလား ဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်ပါတယ်။
ဒေသတွင်း မျိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့အတွက် EU အတွင်းမှာရော နိုင်ငံတွေရဲ့ နယ်နိမိတ်တွေ ဖြတ်ကျော်သွားလာ လှုပ်ရှားတာမျိုးကို ပိုမိုတင်းကျပ်ဖို့ သဘောတူထားတဲ့အတွက် ဂျပန်ကနေ လာရောက်တာကို EU နိုင်ငံတွေက တင်းတင်းကျပ်ကျပ် ကန့်သတ်ဖွယ်ရာ ရှိပါတယ်။