ဂျပန်မြောက်ပိုင်း နေရာ အများအပြားမှာ လေပြင်းမုန်တိုင်း တိုက်ပြီး နှင်း အကြီးအကျယ် ကျနိုင်

လျင်မြန်တဲ့ အရှိန်နဲ့ ကြီးထွားလာနေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် ဟော့ကိုင်းဒိုးကနေ ဟိုကုရိကုဒေသအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းက နေရာ အများအပြားမှာ လေပြင်းမုန်တိုင်းတွေ ဖြစ်လာနေပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ဂျပန်ပင်လယ်ကနေ အရှေ့ဘက်ကို ရွေ့လျားနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ဂျပန် မြောက်ပိုင်းဒေသက တချို့နေရာတွေမှာ နှင်းမုန်တိုင်းတွေရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေရပါတယ်။
ဟော့ကိုင်းဒိုးနဲ့ တိုးဟိုကု၊ ဟိုကုရိကုဒေသတွေမှာ စနေနေ့ မွန်းတည့်ချိန်အထိ တစ်နာရီ ၇၀ကီလိုမီတာ အမြန်နှုန်းရှိတဲ့ လေပြင်းတွေ တိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လေပြင်းမုန်တိုင်းကြောင့် ပျံ့လွှင့်နေတဲ့ နှင်းတွေဟာ လူတွေရဲ့ မြင်ကွင်းကို လုံးဝ မှုန်ဝါးစေတဲ့ အနေအထားမျိုး ဖြစ်လာနိုင်တဲ့အတွက် အဲဒီ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားသင့်တယ်လို့ မိုးလေဝသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဟော့ကိုင်းဒိုးနဲ့ ဟိုကုရိကု ဒေသတွေမှာ အဓိကအားဖြင့် နှင်းအကြီးအကျယ် ကျတာမျိုး ဖြစ်လာနိုင်တဲ့အတွက် သတိထား နေထိုင်ကြဖို့လည်း အရာရှိတွေက အကြံပြုထားပါတယ်။