တရုတ်ရဲ့ လူ့အခွင့်အရေးကိစ္စအပေါ် တင်းမာတဲ့ သဘောထားကို အမေရိကန် ကိုင်စွဲမယ်

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး Antony Blinken က ရာသီဥတုပြောင်းလဲမှု ပြဿနာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားကြောင်း ဒါပေမဲ့ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေ အပေါ်မှာတော့ တင်းတင်းမာမာ သဘောထားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

မစ္စတာ Blinken က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သူရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ " ဘာပဲပြောပြော အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ကမ္ဘာပေါ်မှာ အရေးအပါဆုံး ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။
သူက အဲဒီဆက်ဆံရေးမှာ ပဋိပက္ခဆန်တဲ့ အနေအထားတချို့ ရှိနေသလို "ထင်ထင်ရှားရှားတွေ့မြင်နိုင်တဲ့ ရာသီဥတုပြောင်းလဲမှု ပြဿနာလိုမျိုး လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ နယ်ပယ်တွေ"စတဲ့ ပူးပေါင်းဆောင်ရွက်မှု အနေအထားလည်း ရှိတယ်လို့ သူကမှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း Trump အစိုးရလက်ထက်က Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လူနည်းစု Uygur လူမျိုးတွေအပေါ် တရုတ်ရဲ့ဆက်ဆံမှုကို "လူမျိုးတုန်းသတ်ဖြတ်မှု" အဖြစ် သတ်မှတ်ခဲ့ပါတယ်။
"Uygur လူမျိုးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမြင်ကတော့ ဆက်ရှိနေမှာ ဖြစ်ပြီး ဒါဟာ ပြောင်းလဲမှာ မဟုတ်ဘူး" လို့ မစ္စတာ Blinken က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။