ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ဧပြီလမှာ စီစဉ်ကျင်းပမယ်လို့ သမ္မတ Biden ပြော

အမေရိကန်သမ္မတ Joe Biden က ရာသီဥတုဆိုင်ရာ ပြဿနာ ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်နိုင်ဖို့ အခုနှစ် ဧပြီလမှာ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို သူစီစဉ်ကျင်းပမယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ Biden ရာထူးရယူပြီး သီတင်းတစ်ပတ်အကြာ ဗုဒ္ဓဟူးနေ့မှာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ တိကျတဲ့ အစီအမံတွေကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတရာထူးရယူခဲ့တဲ့နေ့မှာပဲ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပဲရစ်သဘောတူညီချက်မှာ ပြန်လည်ပါဝင်ဖို့ သမ္မတ အမိန့်တစ်ရပ်မှာ သူက လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမေရိကန်ရဲ့နိုင်ငံခြားရေး မူဝါဒနဲ့ နိုင်ငံ့လုံခြုံရေး ဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေမှာ ရာသီဥတုပြောင်းလဲမှု ပြဿနာ ကိုင်တွယ်ဖြေရှင်းရေးကို ဗဟိုချက်ထားဖို့ သူ့အစိုးရအဖွဲ့ကို ညွှန်ကြားထားတယ်လို့ သမ္မတ Bidenက ဆိုပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ အဓိကထုတ်လွှတ်နေတဲ့ နိုင်ငံတွေက အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ထိပ်သီးအစည်းအဝေး ပြုလုပ်မယ့် အစီအစဉ်ကို ကြေညာရင်းနဲ့ ရာသီဥတုပြောင်းလဲမှုဟာ "ဘဝဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း" ဖြစ်တယ်လို့ သမ္မတ Biden က ပြောကြားခဲ့ပါတယ်။
သူက "ဒီရာသီဥတုဆိုင်ရာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပြီး ဖြစ်တယ်" လို့ဆိုပြီး "နောက်ထပ် ဆက်မစောင့်နိုင်တော့ဘူး"လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။