ကမ္ဘာ့ မော်တော်ကားအရောင်းရဆုံး ထိပ်ဆုံးနေရာကို Toyota ပြန်ရောက်လာ

ဂျပန်ကားကုမ္ပဏီ Toyota Motor ဟာ ကမ္ဘာ့မော်တော်ကား အရောင်းရဆုံး နံပါတ် ၁ နေရာကို ၅ နှစ်အကြာမှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။

Toyota Motor အုပ်စုဟာ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝန်းမှာ မော်တော်ကားအစီးရေ ၉.၅ သန်းကျော် ရောင်းချခဲ့ရတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေက ပြောပါတယ်။ ဒီကိန်းဂဏန်းမှာ Daihatsu Motor နဲ့ Hino Motor ကားတွေရဲ့ ရောင်းအားလည်း ပါ ပါတယ်။
အခုလို ရလဒ်တွေကြောင့် Toyota ဟာ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၄ နှစ်မှာ နံပါတ် ၁ ဖြစ်ခဲ့တဲ့ ဂျာမနီက Volkswagen ကို ကျော်တက်နိုင်ခဲ့ပါတယ်။ Volkswagen က မော်တော်ကား အစီးရေ ၉.၃ သန်း ရောင်းချခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရောင်းအားတွေ ကျဆင်း ခဲ့တဲ့အတွက် ကမ္ဘာ့အကြီးဆုံးမော်တော်ကားကုမ္ပဏီတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ ထိခိုက်ခဲ့ရပါတယ်။ တိုယိုတာရဲ့ ရောင်းအားက ၁၁.၃ ရာခိုင်နှုန်းနဲ့ Volkswagen ရဲ့ ရောင်းအားက ၁၅.၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ စတင်ခဲ့တဲ့ ဒုတိယနှစ်ဝက်မှာတော့ ဝယ်လိုအား ပြန်တက်လာခဲ့ပါတယ်။
Toyota ဟာ အမေရိကန်နဲ့ တရုတ်တွေမှာ အရောင်းသွက်ခဲ့ပါတယ်။ ဒါကToyota ရဲ့ တစ်နှစ်တာ ရောင်းအားကျဆင်းမှု လျော့နည်းစေဖို့ အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။