တိုကျိုအားကစားပွဲကျင်းပဖို့ ကုမ္ပဏီတွေက ထောက်ခံနေကြောင်း NHK ရဲ့ စစ်တမ်းမှာ တွေ့ရှိရ

ဂျပန်က ကြီးမားတဲ့ ကုမ္ပဏီတွေရဲ့ အများစုက တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲတွေကို လာမယ့်နွေရာသီမှာ တစ်နည်းနည်းနဲ့ ကျင်းပသွားဖို့ လိုလားနေတာကို NHK ရဲ့ စစ်တမ်းတစ်ခု အရ တွေ့ရှိခဲ့ပါတယ်။

မနှစ်က ဒီဇင်ဘာလ အနှောင်းပိုင်းကနေ အခုနှစ် ဇန်နဝါရီလလယ်အထိ ဂျပန်က ထိပ်တန်း ကုမ္ပဏီ ၁၀၀ ကို NHK က စစ်တမ်းကောက်ယူခဲ့ပြီး ကုမ္ပဏီအားလုံးက တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ကုမ္ပဏီ ၄၈ ခု က ဒီအားကစားပွဲကို ပမာဏလျှော့ချပြီး ကျင်းပသင့်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီ ၁၃ ခု ကတော့ အကြမ်းဖျင်းအားဖြင့် မူလ အစီအစဉ်အတိုင်း လုပ်ဆောင်ဖို့ လိုလားတယ်လို့ ဆိုပါတယ်။ တချို့ ကုမ္ပဏီတွေက ဒီအားကစားပွဲဟာ "စီးပွားရေးနဲ့ လူ့ဘောင်လောကကို အားကောင်းလာစေမယ်" လို့ ယုံကြည်နေပါတယ်။
ပွဲကြည့်စင်တွေမှာ ပရိသတ် တစ်ဦးမှ မရှိဘဲ ဒီအားကစားပွဲကို ကျင်းပတဲ့တိုင်အောင် ဒါဟာ အားကစားသမားတွေအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ အရာဖြစ်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိခဲ့ပါတယ်။
အိုလံပစ်အားကစားပွဲကို မကျင်းပသင့်ဘူးလို့ ကုမ္ပဏီ ၃ ခု က ဆိုပါတယ်။ ထောက်ပြခဲ့တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပါတယ်။ ကုမ္ပဏီ ၃၆ ခု ကတော့ ဒီအားကစားပွဲကို ကျင်းပဖို့ ဆက်လုပ်သင့်သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သဘောထားကို ထုတ်ဖော်ခဲ့ခြင်း မရှိပါဘူး။
ဒီအားကစားပွဲတွေအပေါ် ဒီကုမ္ပဏီတွေရဲ့ သဘောထားတွေဟာ အများပြည်သူရဲ့ အတွေးအမြင်တွေနဲ့ သိသိသာသာ ကွဲပြားနေပါတယ်။ အခုလ အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ NHK ရဲ့ တခြားစစ်တမ်းတစ်ခုမှာ ဂျပန်က ပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးက ဒီအားကစားပွဲကို ဖျက်သိမ်း ဒါမှမဟုတ် နောက်ထပ် ရက်ရွှေ့ဆိုင်းဖို့ လိုလားနေတာကို တွေ့ခဲ့ရပါတယ်။