အိုလံပစ်အားကစားသမားတွေကို ကာကွယ်ဆေး ဦးစားပေး ထိုးပေးနိုင်ရေးအပေါ် WHO သံသယဖြစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကျွမ်းကျင်ပညာရှင်တစ်ဦးက တိုကျို အိုလံပစ်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ပြီး အိုလံပစ် အားကစားသမားတွေကို COVID-19 ကာကွယ်ဆေးတွေ ဦးစားပေး ထိုးပေးနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး သံသယရှိကြောင်း ပြောလိုက်ပါတယ်။

WHO ရဲ့ ကျန်းမာရေးအရေးပေါ် အစီအစဉ် က အကြီးအကဲ ဖြစ်သူ Michael Ryan ကို တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ တိုကျိုအိုလံပစ်ပွဲတွေအတွက် အားကစားသမားတွေကို ဦးစားပေး ကာကွယ်ဆေး ထိုးပေးသင့်၊မသင့် မေးမြန်းခဲ့ပါတယ်။
မစ္စတာ Ryan က ကူးစက်ခံရနိုင်မှု အများဆုံးဖြစ်တဲ့သူတွေ အတွက်တောင် ကာကွယ်ဆေး လုံလုံလောက်လောက် မရှိသေးကြောင်းပြောခဲ့ပါတယ်။ သူက ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလမှာ ရှေ့တန်းက ကျန်းမာရေး ဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ ရောဂါပိုး ကူးစက်မှုဒဏ်အများဆုံးခံရနိုင်သူတွေဟာ ပထမဆုံး ကာကွယ်ဆေးရရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အိုလံပစ်ပွဲတွေအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအစီအမံတွေနဲ့ အိုလံပစ်ပွဲကျင်းပရေး နဲ့ ပတ်သက်တဲ့ အပြီးသတ် ဆုံးဖြတ်ချက်ဟာ IOC နဲ့ ဂျပန်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယဉ်။
နိုဝင်ဘာလက နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ရဲ့ ဥက္ကဋ္ဌ Thomas Bach က အားကစားသမားတွေကို ကာကွယ်ဆေးထိုးပေးမယ့် သူ့ရဲ့ ကတိကဝတ်ကို ထုတ်ဖော်ပြာဆိုခဲ့ပါတယ်။ သူက တိုကျိုမှာ သတင်းထောက်တွေ နဲ့ စကားပြောစဉ် ကာကွယ်ဆေးတွေရလာရင် ကာကွယ်ဆေးထိုးဖို့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ကို IOC က ကျခံပေးသွားဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။
IOC မှာ တာဝန်ထမ်းဆောင်မှု သက်တမ်းအရှည်ဆုံး အဖွဲ့ဝင်ဖြစ်တဲ့ မစ္စတာ Dick Pound က အခုလအစောပိုင်းမှာ အားကစားသမားတွေဟာ ကာကွယ်ဆေးထိုးရမယ့် ဦးစားပေး စာရင်းအပေါ်ပိုင်းမှာ ရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။
ကာကွယ်ဆေးထိုးမယ့်အစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် IOC ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။