Xinjiang ဒေသ ထွက် ဝါဂွမ်းနဲ့ ခရမ်းချဉ်သီး တင်သွင်းမှုတွေကို အမေရိကန် ရပ်ဆိုင်း

အတင်းအဓမ္မလုပ်အားခိုင်းစေမှုတွေ ပြုလုပ်နေတယ်ဆိုတာကို လက်ခံနိုင်လောက်တဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး တရုတ်နိုင်ငံ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဝါဂွမ်းနဲ့ ခရမ်းချဉ်သီး တင်သွင်းမှုတွေကို အမေရိကန်က ရပ်ဆိုင်းလိုက်ပါတယ်။

သင့်တင့်မျှတတဲ့ စျေးနှုန်းထက်လျှော့ချပြီး အမေရိကန်ကို ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် တရုတ်အစိုးရက လုပ်ဆောင်နေတဲ့ ခေါင်းပုံဖြတ် ခေတ်သစ်ကျွန်စနစ်ကို အမေရိကန်က သည်းခံနေမှာ မဟုတ်ဘူးလို့ အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ အဓမ္မလုပ်အားခိုင်းစေမှုကို သုံးထားတဲ့ စျေးပေါတဲ့ တင်သွင်းမှုတွေဟာလည်း အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
လူနည်းစု Uighurs လူမျိုးတွေ တရားမ၀င် ဖမ်းဆီးခံနေရပြီး အဓမ္မလုပ်အားခိုင်းစေမှုတွေ ခံနေရတယ်ဆိုတာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို သွင်းကုန်တားမြစ်ချက်ကို တိုးချဲ့လိုက်တာဖြစ်ပါတယ်။
တရုတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် မဟာဗျူဟာမြောက် လုပ်ငန်း စီမံချက်တစ်ရပ်ကိုလည်း အဲဒီဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အဲဒီ စီမံချက်မှာ ဆိုက်ဘာတိုက်ခိုက်မှု၊ အသိဉာဏ်ပညာဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် နှိမ်နင်းဖို့ တိုက်တွန်းထားပါတယ်။
တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် အမိမြေလုံခြုံရေး၊တရားရေး ဝန်ကြီးဌာနတွေနဲ့ FBI တို့က အရာရှိတွေပါဝင်တဲ့ အထူးအဖွဲ့တစ်ဖွဲ့ကို သမ္မတ Trump အစိုးရက ဖွဲ့စည်းခဲ့ပါတယ်။
အသစ်တက်လာမယ့် အမေရိကန်အစိုးရ အနေနဲ့ အလားတူအစီအမံတွေကို ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း လေ့လာသူတွေက ဆိုပါတယ်။