အီရန် ခေါင်းဆောင်နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း နှစ်ခုကို အမေရိကန် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့

အီရန်နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင် Ayatollah Ali Khamenei က ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းနှစ်ခု အပေါ် အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေ၊ လက်အောက်ခံကုမ္ပဏီတွေပါ အကျုံးဝင်တဲ့ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို အမေရိကန်နိုင်ငံက ချမှတ်လိုက်ပါတယ်။

အဲဒီလိုလုပ်ဆောင်တာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တစ်ခုထဲမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
နိုင်ငံရေးအတိုက်အခံတွေနဲ့ ဘာသာရေးလူနည်းစုတွေဆီက သိမ်းယူထားတဲ့ ပိုင်ဆိုင်မှုတွေ အပါအဝင် အီရန်စီးပွားရေးရဲ့ ကြီးမားတဲ့ ပမာဏကို အဲဒီအဖွဲ့အစည်းတွေက ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေ အောက်မှာ ပစ်မှတ်ထားတဲ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမေရိကမှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ အမေရိကန် ငွေကြေးအဖွဲ့အစည်းတွေနဲ့ အကြား ငွေအပေးအယူတွေကိုလည်း တားမြစ်မှာ ဖြစ်ပါတယ်။
"အီရန်စီးပွားရေးရဲ့ အစိတ်အပိုင်းအများစုကို လွှမ်းမိုးထားတဲ့ အကျင့်ပျက်ခြစားနေတဲ့စနစ် တည်မြဲနေအောင် ဒီအဖွဲ့အစည်းတွေကို အသုံးပြုပြီး အီရန်ရဲ့ ထိပ်ပိုင်းက လူတွေက လုပ်နေတယ်" လို့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီမှုကို အီရန်အစိုးရက ပြန်လိုက်နာမယ်ဆိုရင် အဲဒီ သဘောတူညီမှုမှာ ပြန်လည်ပါဝင်ဖို့ စဉ်းစားမယ်လို့ ရွေးကောက်ခံ အမေရိကန် သမ္မတ Joe Biden က ရည်ညွှန်းပြောကြားခဲ့ပါတယ်။
အခုလ အစောပိုင်းမှာ သမ္မတ Trump အစိုးရက အီရန်နိုင်ငံရဲ့ သံမဏိလုပ်ငန်းကဏ္ဍအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
ဒါဟာ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီမှုမှာ အစိုးရသစ်အနေနဲ့ ပြန်မပါဝင်နိုင်အောင် ရည်ရွယ်လုပ်ဆောင်တာလို့ ယုံကြည်ရပါတယ်။