အမေရိကန် သမ္မတ Trump ကို အောက်လွှတ်တော်က ဒုတိယအကြိမ် စွဲချက်တင်

အမေရိကန်လွှတ်တော်အမတ်တွေက သမ္မတ Donald Trump ကို သမိုင်းမှာ ပထမဦးဆုံး ဒုတိယအကြိမ်မြောက် စွဲချက်တင်ဖို့အတွက် မဲပေးခဲ့ကြပါတယ်။

ရီပတ်ဘလီကန်လွှတ်တော်အမတ် ၁၀ ဦးဟာ သမ္မတကို စွဲချက်တင်ရေး မဲပေးဖို့ ပါတီကနေ နုတ်ထွက်ခဲ့ကြပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က မစ္စတာ Trump ဟာ တိုင်းပြည်အတွက် "လက်ရှိအချိန်မှာ သိသာထင်ရှားတဲ့ အန္တရာယ်" တစ်ခုပဲလို့ ဆိုလိုက်ပါတယ်။
စွဲချက်တင်ဖို့ ဆုံးဖြတ်ချက်ဟာ ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော် အမတ်တွေရဲ့ အများစု ထောက်ခံမဲနဲ့ အနိုင်ရခဲ့ပါတယ်။
မီးစ် Pelosi က "ဒီကနေ့ဟာ အမေရိကန် သမ္မတ ဖြစ်နေတာတောင်မှ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို ပါတီစုံပါဝင်တဲ့ နည်းလမ်းနဲ့ ထောက်ခံတယ်ဆိုတာ အောက်လွှတ်တော်က လက်တွေ့ပြသခဲ့တာဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။
စွဲချက်တွေကို ကြားနာစစ်ဆေးဖို့အတွက် လုပ်ထုံးလုပ်နည်းအရ အထက်လွှတ်တော်ကို ဆက်ပြီး တင်ပေးရမှာ ဖြစ်ပါတယ်။ သမ္မတကို ပြစ်ဒဏ်ချဖို့နဲ့ ဖယ်ရှားဖို့ဆိုရင် အများစုအင်အားဖြစ်တဲ့ ထောက်ခံမဲ ၃ ပုံ ၂ ပုံ လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က လူသေဆုံးမှုရှိခဲ့တဲ့ အမေရိကန် လွှတ်တော်အဆောက်အအုံအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုမှာ မစ္စတာ Trump ရဲ့ပါဝင်မှုနဲ့ ပတ်သက်လို့ "ဆူပူအုံကြွအောင် လှုံ့ဆော်မှု" လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Trump ဟာ အမေရိကန်သမ္မတတွေထဲမှာ စွဲချက် ၂ ကြိမ် တင်ခံရမယ့် ပထမဆုံး သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပထမတစ်ကြိမ်တုန်းက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ယူကရိန်းနိုင်ငံအပေါ် မလျော်ကန်တဲ့ ဖိအားတွေ ပေးခဲ့တယ်ဆိုတဲ့ သံသယနဲ့ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရာထူး သက်တမ်း ကုန်ဆုံးဖို့ သီတင်း ၁ ပတ်တောင် မလိုတော့တဲ့ သမ္မတ တစ်ယောက်အပေါ် စွဲချက်တင်ဖို့ လုပ်ဆောင်တာဟာ မကြုံစဖူး ထူးထူးခြားခြား ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ မစ္စတာ Trump က စွဲချက်နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် "ဒေါသတွေ လျှော့ပြီး စိတ်အေးအေးထားကြဖို့" အမေရိကန်ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။