ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ WHO ရဲ့ အဖွဲ့ Wuhan ကို ရောက်ရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က စေလွှတ်လိုက်တဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့တစ်ဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်နဲ့ ဒီကပ်ရောဂါရဲ့ အစောပိုင်းအဆင့်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာတွေကို စုံစမ်းထောက်လှမ်းဖို့ တရုတ်နိုင်ငံ Wuhan မြို့ကို ရောက်ရှိခဲ့ကြပါတယ်။

Hubei ပြည်နယ် Wuhan မြို့က လေဆိပ်တစ်ခုကို ကြာသပတေးနေ့မှာ အဲဒီ သိပ္ပံပညာရှင် အဖွဲ့ရောက်ရှိခဲ့ကြပါတယ်။ ဒီမြို့ဟာ ကူးစက်ပြန့်ပွားမှုတွေရဲ့ ကနဦး ဗဟိုချက် ဖြစ်ပါတယ်။
၁၄ ရက်တာ သီးခြားခွဲနေထိုင်ပြီးနောက် ဒီ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်ဖို့ရှိပါတယ်။ သူတို့ရဲ့ ခရီးစဉ်အသေးစိတ်ကိုတော့ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပါဘူး။
Wuhan မြို့မှာ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တွေ့ရှိခဲ့ကတည်းက တစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ် ဘယ်ကနေ ရောက်လာပြီး လူသားတွေဆီကို ဘယ်လို ကူးစက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
အစောပိုင်းမှာ တရုတ်အစိုးရရဲ့ ကျွမ်းကျင်သူတွေက တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေဆီက ရောက်လာတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က ဒီဗိုင်းရပ်စ်ကို ပြည်ပက တင်သွင်းလာတဲ့ အစားအသောက်တချို့မှာ တွေ့ခဲ့ရတာကြောင့် နိုင်ငံခြားက ယူဆောင်လာတဲ့ ဖြစ်နိုင်ခြေကိုလည်း လျစ်လျူရှုလို့ မရဘူးလို့ စပြီး ပြောလာခဲ့ပါတယ်။
WHO ရဲ့အဖွဲ့ကို ဦးဆောင်တဲ့ အကြီးတန်း ကျွမ်းကျင်သူဖြစ်တဲ့ Peter Ben Embarek က Wuhan ကို မဝင်ရောက်ခင် NHK ကို ပြောကြားခဲ့ရာမှာ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံက အစပြု ပေါ်ပေါက်ခဲ့တယ်လို့ စဉ်းစားတာ ယုတ္တိတန်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့ဟာ Wuhan က ကနဦးကူးစက်မှုတွေကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး တခြား ဧရိယာတွေမှာလည်း အစောပိုင်း ကူးစက်မှုတွေရှိမရှိ ဖော်ထုတ်ဖို့ ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။