ကြာသပတေးနေ့ကစပြီး နိုင်ငံခြားသားတွေ ဝင်ရောက်မှုအားလုံး ဂျပန် ပိတ်ပင်

ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ဆက်လက် ကူးစက်ပြန့်ပွားနေတာကြောင့် ဂျပန်အစိုးရက မူအားဖြင့် နိုင်ငံခြားသား အားလုံးအပေါ် ပြည်ဝင်မှု ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

ကူးစက်မှု အလွန်လွယ်တယ်လို့ ယူဆရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တချို့နိုင်ငံတွေမှာ တွေ့ရှိခဲ့ရပြီးနောက်မှာလည်း ဂျပန်အစိုးရဟာ တရုတ်နဲ့ တောင်ကိုရီးယားတွေအပါဝင် အာရှ ၁၀ နိုင်ငံက စီးပွားရေးသမားတွေကို ဝင်ထွက်ခွင့် ပြုထားခဲ့ပါတယ်။
ဒါပေမဲ့ ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားနေတာကြောင့် အစိုးရက အခုလို အပြည့်အဝ ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုကို ကြာသပတေးနေ့က စတင်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာချက် အကျုံးဝင်နေတဲ့ ကာလအတွင်း ဆက်လက်ချမှတ်ထားမှာ ဖြစ်ပါတယ်။ တချို့ခရိုင်တွေ ပါဝင်နေတဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ တည်ရှိမှာ ဖြစ်ပါတယ်။
ဂျပန် နိုင်ငံသားတွေကတော့ နိုင်ငံကို ပြန်လာနိုင်ပါတယ်။ နေထိုင်ခွင့်ဗီဇာရရှိထားသူ နိုင်ငံခြားသားတွေကိုလည်း ဂျပန်ကို ပြန်ဝင်ရောက်ခွင့် ပြုထားပါတယ်။ ဆွေမျိုးသားချင်းရဲ့ နာရေး ဒါမှမဟုတ် ကလေးမွေးဖွားတာတွေလို အထူး အကြောင်းပြချက်တွေရှိတဲ့ နိုင်ငံခြားသားတွေကိုလည်း ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
အဲဒီလို ပြန်ဝင်မယ့် သူတွေဟာ နေအိမ် ဒါမှမဟုတ် တည်းခိုစရာ နေရာတွေမှာ ၁၄ ရက်ကြာ သီးခြားခွဲနေကြရမှာ ဖြစ်ပြီး မိမိ ရောက်ရှိရာအရပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အဲဒီလူရဲ့ အမည်ကို လူသိရှင်ကြား ထုတ်ပြန်ပြီး နေထိုင်ခွင့် ဗီဇာရှိသူဖြစ်ရင် အဲဒီဗီဇာကို ရုပ်သိမ်းသွားဖို့ ဂျပန် အစိုးရက စဉ်းစားမှာ ဖြစ်ပါတယ်။