ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးမှာ ပြည်သူတွေ ပူးပေါင်းကြဖို့ အိုင်းချိ ခရိုင်အုပ်ချုပ်ရေးမှူး တောင်းဆို

ဂျပန်အစိုးရက ထုတ်ပြန်ထားတဲ့ အရေးပေါ်ကြေညာချက်ထဲမှာ အကျုံးဝင်လာပြီဖြစ်တဲ့ ဂျပန်အလယ်ပိုင်း အိုင်းချိ ခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးက ပြည်သူတွေ ပူးပေါင်းကူညီကြဖို့ တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ထဲမှာ အိုင်းချိ အပါအဝင် နောက်ထပ် ၇ ခရိုင်ကို ထည့်သွင်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ကြေညာခဲ့ပါတယ်။
အိုင်းချိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကြာသပတေးနေ့ မနက်မှာ ခရိုင်ရဲ့ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ အရေးပေါ် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီလုပ်ငန်းစဉ်တွေထဲမှာ လာမယ့် တနင်္လာနေ့ကစပြီး ည ၈ နာရီမှာ စားသောက်ဆိုင်အားလုံး ပိတ်ဖို့ တောင်းဆိုရေးလည်း ပါဝင်ပါတယ်။
အိုင်းချိ ခရိုင် အုပ်ချုပ်ရေးမှူး Ohmura Hideaki က အလွန်တရာဆိုးရွားတဲ့ အနေအထားလို့ ရည်ညွှန်းပြောဆိုလိုက်ပြီး ကူးစက်မှု ပျံ့နှံ့နေတာကို ထိန်းချုပ်ရေး ခရိုင်နဲ့ချီပြီး ကြိုးပမ်းမှုတွေ လုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။
အိုင်းချိ ဆေးကုသရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ အကြီးအကဲ Maseki Mitsuaki က ဆေးရုံတက်ဖို့ လိုအပ်သူတွေအတွက် ကုတင်လွတ်မရှိတော့ကြောင်းနဲ့ လူနာရဲ့ အခြေအနေ ဆိုးလာလို့ အရေးပေါ်လူနာတင်ယာဉ် ခေါ်ရတဲ့ အဖြစ်တွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ ဆေးကုသရေးအတွက် ဘေးအန္တရာယ်ကြီးတစ်ခုလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
Nagoya ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းများအသင်းရဲ့ Uchida Yoshihiko က သိသိသာသာ ဂယက်ရိုက်မှု ခံစားရဖွယ်ရှိတဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ငွေတွေ အလျင်အမြန် ပေးဖို့ အလေးပေးပြောကြားခဲ့ပါတယ်။