နာမည်ကြီးရုပ်ရှင် “Demon Slayer” က Toho ကုမ္ပဏီရဲ့ အမြတ်ငွေခန့်မှန်းချက်ကို မြှင့်တင်ပေး

ဂျပန်ရုပ်ရှင်နယ်ပယ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဂယက်ရိုက်မှုကို ခံနေရချိန်မှာ ဂျပန်ရုပ်ရှင်ဖြန့်ချိရေးကုမ္ပဏီကြီး Toho ကတော့ “Demon Slayer” လို့ခေါ်တဲ့ နာမည်ကြီး ကာတွန်းရုပ်ရှင်ကြောင့် ကုမ္ပဏီရဲ့ အမြတ်ငွေခန့်မှန်းချက် မြင့်တက်နေပါတယ်။

Toho ကုမ္ပဏီဟာ အဲဒီခန့်မှန်းချက်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအထိ တစ်နှစ်တာ အသားတင် အမြတ်ငွေခန့်မှန်းချက်ဟာ အမေရိကန်ဒေါ်လာ ၁၃၅သန်းလောက်ရှိပါတယ်။ ဒါဟာ Toho ကုမ္ပဏီရဲ့ အရင်တစ်ခါ ခန့်မှန်းချက်ထက် ၅၀ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ဟာ အခုလက်ရှိ ဂျပန်မှာ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ရုံတွေကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၂၀လောက် ရရှိခဲ့ပါတယ်။
အဲဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်က နတ်ဆိုးတွေကိုတိုက်ခိုက်ခဲ့တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရေးဆွဲထားတဲ့ နာမည်ကြီး manga ကာတွန်းဇာတ်လမ်းတွဲကို အခြေခံထားတာဖြစ်ပါတယ်။
Toho ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Tako Nobuyuki က “Demon Slayer” ရုပ်ရှင်ဟာ ကုမ္ပဏီရဲ့ “စစ်မှန်တဲ့ ကယ်တင်ရှင်” ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီရုပ်ရှင်သာမရှိရင် သူ့ ကုမ္ပဏီဟာ အဆပေါင်းများစွာ ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။
Toho ကုမ္ပဏီဟာ အကျပ်အတည်းတွေကို ရင်ဆိုင်နေရပါသေးတယ်။ ကုမ္ပဏီရဲ့ တစ်နှစ်တာ အသားတင်အမြတ်ငွေဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကထက် ၆၀ရာခိုင်နှုန်းကျော် ထိုးကျနိုင်ဖွယ်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နိုင်ငံခြားရုပ်ရှင်အများအပြားကို မပြသနိုင်သေးဘဲ ရှိနေပါတယ်။