အမေရိကကို လေကြောင်းနဲ့ခရီးသွားသူတွေ ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးရန်လို

အခုလ အနှောင်းပိုင်းကစပြီး လေကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုကို သွားရောက်မယ့်သူတွေကို လေယာဉ်မစီးခင် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးဖို့ စည်းကမ်း သတ်မှတ်သွားမယ်လို့ အမေရိကန် ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး စင်တာ (CDC) က အင်္ဂါနေ့မှာ အဲဒီလိုကြေညာခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းခရီးစဉ်နဲ့ အမေရိက သွားမယ့်သူတွေဟာ သူတို့ စီးမယ့် လေယာဉ်မထွက်ခွာခင် ၃ရက်အတွင်း ဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးထားရမယ်လို့ CDC က ပြောပါတယ်။ အဲဒီနောက် သူတို့ဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု မရှိကြောင်း ပြသတဲ့ စစ်ဆေးမှုရလဒ်တွေ ဒါမှမဟုတ် COVID-19 ရောဂါကနေ ပြန်နေကောင်းလာပြီလို့ ဖော်ပြတဲ့ စာရွက်စာတမ်း တွေကို လေကြောင်းလိုင်းကုမ္ပဏီတွေဆီ တင်ပြရမှာ ဖြစ်ပါ တယ်။
အဲဒီ စာရွက်စာတမ်းတွေ မတင်ပြတဲ့သူတွေကို လေကြောင်း လိုင်းကုမ္ပဏီတွေအနေနဲ့ လေယာဉ်စီးနင်း ခွင့်မပြုရဘူးလို့ CDC က ဆိုပါတယ်။
အဲဒီစည်းကမ်းသတ်မှတ်ချက်ဟာ ဇန်နဝါရီလ၂၆ရက်နေ့ ကစပြီး အသက်ဝင်လာမှာ ဖြစ်တယ်လို့ CDC က ပြောပါတယ်။
အဲဒီလို သတ်မှတ်လိုက်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာ မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် ထွက်ပေါ်လာနေတာကြောင့်ဖြစ်တယ်လို့ CDC က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၂၂သန်းကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ် က ပြောပါတယ်။ သေဆုံးသူအရေအတွက် စုစုပေါင်းဟာ ၃၈၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ တချို့ပြည်နယ်တွေဟာ ပြည်တွင်း ခရီးသွားလာသူတွေကိုတောင်မှ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှု ပြုလုပ်ဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။