မြောက်ကိုရီးယား အာဏာရပါတီရဲ့ ညီလာခံပြီးဆုံး

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ညီလာခံဟာ အင်္ဂါနေ့မှာ ပြီးဆုံးခဲ့ပြီး ခေါင်းဆောင် Kim Jong Un က နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ခေတ်မီတိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ သူ့နိုင်ငံရဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၅ရက်နေ့က စတင်ခဲ့တဲ့ အဲဒီညီလာခံမှာ ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မစ္စတာ Kim ရဲ့ နိဂုံးချုပ်အမှာစကားကို မြောက်ကိုရီးယား နိုင်ငံပိုင် ကိုရီးယား ဗဟို ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားစစ်ပွဲကို တားဆီးရေးစွမ်းရည် တိုးမြှင့်ရေးနဲ့ အမြင့်ဆုံး စစ်ရေးစွမ်းရည်ကို တည်ဆောက်ရေးတွေအတွက် အစွမ်းကုန် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မစ္စတာ Kim က ပြောပါတယ်။
အမြင့်ဆုံး ပြည်သူ့ကောင်စီ အစည်းအဝေးကို တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။ အဲဒီ လွှတ်တော်အစည်းအဝေးဟာ ပါတီညီလာခံက ချမှတ်ခဲ့တဲ့ မူဝါဒတွေကို အခြေခံပြီး ဥပဒေရေးရာ ပြောင်းလဲပြင်ဆင်မှုတွေနဲ့ ရာထူးခန့်အပ်မှုတွေကို ဆုံးဖြတ်ဖွယ်ရှိပါတယ်။
ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က မစ္စတာ Kim ရဲ့ ညီမဖြစ်သူ Kim Yo Jong ရဲ့ မှတ်ချက်ကို ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ စစ်ရေးပြအခမ်းနားဆိုင်ရာ "သတင်းကို ရယူခဲ့တယ်"ဆိုတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေကို "အတိအကျ ခြေရာခံ" နေတာတွေအတွက် သူက အပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ဒါဟာ တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ မြောက်ကိုရီးယား အပေါ် "ရန်စတဲ့ ချဉ်းကပ်မှု" ကို ရှင်းရှင်းလင်းလင်း ပြသတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။