အာရှ-ပစိဖတ် ဒေသအတွက် COVID-19 ကာကွယ်ဆေး ထိုးရေး အာရှဖွံ့ဖြိုးရေးဘဏ် ကူညီမယ်

အာရှ-ပစိဖတ် ဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတွေက မိမိတို့ပြည်သူတွေကို COVID-19 ကာကွယ်ဆေး ထိုးရေး ကြိုးပမ်းနေကြတဲ့ကြားမှာ ဒီကိစ္စအတွက် ငွေကြေးထောက်ပံ့ပေးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး သယ်ယူပို့ဆောင်ရေးနဲ့ စီမံခန့်ခွဲရေးစနစ်တွေ အတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လိုအပ်တယ်လို့ ADB ဥက္ကဋ္ဌ Asakawa Masatsugu က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ADB အနေနဲ့ ပြီးခဲ့တဲ့ နှစ် အနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ရှိတဲ့ ကာကွယ်ဆေးဆိုင်ရာ ကနဦးလုပ်ဆောင်မှုကတစ်ဆင့် ထောက်ပံ့မှုတွေကို ပေးသွားမယ်လို့ သူက ဆိုပါတယ်။
ဒီအတောအတွင်း သူတို့ဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အထိ ကိုရိုနာဗိုင်းရပ်စ် ဆက်ပြီး ကူးစက်ပျံ့နှံ့နေတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တွေလို နိုင်ငံတွေကို အရေးပေါ် ငွေကြေးထောက်ပံ့မှုအဖြစ် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံလောက် ကမ်းလှမ်းခဲ့တယ်လို့ ADB က ဆိုပါတယ်။
လက်ခံရရှိခဲ့တဲ့နိုင်ငံတွေထဲမှာ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း အထိနာခဲ့တဲ့ ထိုင်းနဲ့ မော်လဒိုက် နိုင်ငံတွေလည်း ပါဝင်ခဲ့ပါတယ်။
ADB အနေနဲ့ ဒီဒေသမှာ တည်ငြိမ်တဲ့ စီးပွားရေးတိုးတက်မှုအတွက် အားဖြည့်ပေးဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ် အသစ်ကို ချမှတ်မှာ ဖြစ်တယ်လို့ မစ္စတာ Asakawa က ဆိုပါတယ်။