တိုကျိုအားကစားပွဲတွေကို ဖျက်သိမ်းတာ ဒါမှမဟုတ် နောက်ထပ် ရွှေ့ဆိုင်းဖို့လိုလားသူ ၇၇ ရာခိုင်နှုန်းရှိ

NHK က အခုလအစောပိုင်းမှာ ကောက်ခံခဲ့တဲ့ သဘောထားစစ်တမ်းမှာ ရက်ရွှေ့ဆိုင်းထားတဲ့ တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ကျင်းပဖို့ လိုလားသူ ၁၆ရာခိုင်နှုန်းသာ ရှိကြောင်း ပြသနေပါတယ်။

အဲဒီအားကစားပွဲတွေကို ဖျက်သိမ်းတာ ဒါမှမဟုတ် နောက်တစ်ကြိမ် ရွှေ့ဆိုင်းသင့်တယ်လို့ ဆိုသူက ၈၀ရာခိုင်နှုန်းနီးပါးရှိပြီး လိုလားသူထက် သိသိသာသာ များပြားနေပါတယ်။
ပြီးခဲ့တဲ့နှစ်က တစ်နှစ်တာ ရွှေ့ဆိုင်းခဲ့ပြီးနောက် ဒီနှစ် နွေရာသီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တိုကျိုအားကစားပွဲတွေ အပေါ် ၁၆ရာခိုင်နှုန်းက အစီအစဉ်အတိုင်း ကျင်းပသင့်တယ်လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့လကထက် ၁၁ရာခိုင်နှုန်းမှတ် ကျဆင်းသွားတာ ဖြစ်ပါတယ်။ စစ်တမ်းမှာ ဖြေကြားသူတွေရဲ့ ၃၈ ရာခိုင်နှုန်းက ဖျက်သိမ်းသင့်တယ်လို့ ပြောကြားခဲ့ပြီး ၃၉ရာခိုင်နှုန်းက နောက်ထပ် ရက်ရွှေ့ဆိုင်းသင့်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖြေကြားမှု နှစ်ခုစလုံး ၇ ရာခိုင်နှုန်းမှတ်စီ တက်လာတာ ဖြစ်ပါတယ်။
ပေါင်းလိုက်မယ်ဆိုရင်တော့ အဲဒီ အားကစားပွဲတွေကို ဖျက်သိမ်းတာ ဒါမှမဟုတ် နောက်ထပ် ရက်ရွှေ့ဆိုင်းတာ ပြုလုပ်ဖို့သင့်တယ်လို့ ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းရှိပါတယ်။