ဝန်ကြီးချုပ် Suga အစိုးရကို ထောက်ခံနှုန်းထက် မထောက်ခံတဲ့နှုန်းက ကျော်လွန်

NHK ကကောက်ခံတဲ့နောက်ဆုံးစစ်တမ်းထဲမှာ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide ဦးဆောင်တဲ့ အစိုးရကို မထောက်ခံတဲ့နှုန်းက ထောက်ခံတဲ့နှုန်းထက် ပိုမို များပြားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အသက် ၁၈နှစ်နဲ့အထက်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေကို ကျပန်းခေါ်ဆိုပြီး NHK က စစ်တမ်းကောက်ယူခဲ့ပါတယ်။ စုစုပေါင်း ၁၂၇၈ ဦး ဒါမှမဟုတ် ဆက်သွယ်သူတွေရဲ့ ၅၉ ရာခိုင်နှုန်းက ပြန်လည်ဖြေဆိုခဲ့ပါတယ်။
မစ္စတာ Suga အစိုးရကို ထောက်ခံနှုန်းက ၄၀ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့တဲ့ လကထက် ၂မှတ်ကျဆင်းသွားခဲ့ပါတယ်။ မထောက်ခံတဲ့နှုန်းက ၅မှတ် မြင့်တက်ပြီး ၄၁ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မစ္စတာ Suga ရာထူးရယူခဲ့ပြီး နောက်ပိုင်း အခုလို မထောက်ခံသူ ပိုများလာတာဟာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အစိုးရကို ထောက်ခံသူတွေရဲ့ ၃၉ရာခိုင်နှုန်းက တခြားဖြစ်နိုင်ခြေရှိတဲ့ အစိုးရအဖွဲ့တွေထက် ပိုကောင်းတာကြောင့်လို့ ဖြေကြပြီး ၂၃ ရာခိုင်နှုန်းက မစ္စတာSuga ကို ယုံကြည်တယ်လို့ ဆိုပြီး ၂၁ ရာခိုင်နှုန်းက သူတို့ထောက်ခံတဲ့ ပါတီရဲ့အစိုးရအဖွဲ့ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။
အစိုးရကို မထောက်ခံသူတွေထဲမှာ ၄၀ ရာခိုင်နှုန်းက အစိုးရဟာ ဘာမှပြီးမြောက်အောင် မလုပ်သေးဘူးလို့ ဆိုပြီး၊ ၃၃ ရာခိုင်နှုန်းက ရည်မှန်းချက်တွေ အောင်မြင်ဖို့ အစိုးရရဲ့မူဝါဒတွေကနေ သိပ်ပြီးမျှော်လင့်လို့ မရဘူးလို့ ဆိုပါတယ်။ ၁၁ရာခိုင်နှုန်းကတော့ မစ္စတာ Suga ကို အယုံအကြည်မရှိဘူးလို့ ဆိုပါတယ်။