ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ရေး အစီအမံ အတွက် ဂျပန်အစိုးရ စဉ်းစားနေ

ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တုံ့ပြန်ကိုင်တွယ်ရေးမှာ ပိုပြီးထိထိရောက်ရောက်ရှိစေဖို့ ကြိုးပမ်းချက်တစ်ခုအနေနဲ့ ခရိုင်အုပ်ချုပ်ရေးမှုးတွေကို ပိုပြီးမြင့်တဲ့ လုပ်ပိုင်ခွင့်အာဏာပေးဖို့ စဉ်းစားနေပါတယ်။

အဲဒီ အစီအစဉ်အရ အုပ်ချုပ်ရေးမှူးတွေဟာ ဗဟိုအစိုးရက အရေးပေါ်ကြေညာချက် မထုတ်ပြန်ခင်မှာတောင် ခရိုင်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အလုပ်ချိန်ကို ပြောင်းလဲဖို့ ညွှန်ကြားခွင့်ရလာမှာ ဖြစ်ပါတယ်။
အင်္ဂါနေ့ကပြုလုပ်တဲ့ အဓိက အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကြီးရဲ့ အစည်းအဝေးမှာ အစိုးရအရာရှိတွေက အဲဒီ အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္လာနေ့မှာ ကျင်းပဖို့ရှိတဲ့ လွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးမှာ အရာရှိတွေက တင်သွင်းမယ့် ဥပဒေမူကြမ်းထဲမှာ အဲဒီ အစီအစဉ်လည်း ပါဝင်ပါတယ်။
အဲဒီလုပ်ဆောင်မှုဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဥပဒေကို ပိုမိုထိရောက်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဗဟိုအစိုးရက ကူးစက်မှုကာကွယ်ရေး အစီအမံလို့ ခေါ်တဲ့ လုပ်ငန်းစဉ်တွေကို ဦးတည်ဆောင်ရွက်မယ့် ခရိုင်တွေကို ရွေးချယ်လိုက်တာနဲ့ အဲဒီ ခရိုင်အုပ်ချုပ်ရေးမှူးတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေကို သူတို့ရဲ့ လုပ်ငန်းလည်ပတ်ချိန်တွေကို ပြောင်းလဲဖို့ တောင်းဆိုပိုင်ခွင့်ကို ရရှိလာမယ်လို့ အဲဒီဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။
တကယ်လို့ လုပ်ငန်းရှင်တစ်ဦးဦးက အုပ်ချုပ်ရေးမှူးရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ရင် ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးပိုင်ခွင့်ရှိပြီး ဒဏ်ငွေလည်း ချမှတ်ပိုင်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေမူကြမ်းမှာ အုပ်ချုပ်ရေးမှူးရဲ့တောင်းဆိုချက်ကို လိုက်နာတဲ့ လုပ်ငန်းရှင်တွေကို ငွေကြေးထောက်ပံ့မှုပေးဖို့ ဗဟိုအစိုးရနဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက သတ်မှတ်ပေးခွင့် ရရှိမယ့်အချက်လည်း ပါဝင်ပါတယ်။
အဲဒီ မူကြမ်းအရ မိမိဘာသာ သီးခြားခွဲနေထိုင်တာမျိုး တောင်းဆိုမှုတွေကို လိုက်နာဖို့ ငြင်းဆန်သူတွေကို အပြစ်ပေးနိုင်ဖို့ ရောဂါကူးစက်မှု ထိန်းချုပ်ရေးဥပဒေကိုလည်း ပြန်လည်ပြောင်းလဲပြင်ဆင်မှာဖြစ်ပါတယ်။