ဇီဝမျိုးစိတ်ကွဲများတည်ရှိမှုဆိုင်ရာ ရည်မှန်းချက် နိုင်ငံ၅၀ကျော် ကတိပြု

ဇီဝမျိုးစိတ်ကွဲများတည်ရှိမှုကို လှုံ့ဆော်အားပေးနိုင်ဖို့ ကမ္ဘာ့ ကုန်းမြေနဲ့ သမုဒ္ဒရာ ဧရိယာတွေရဲ့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ကာကွယ်ထိန်းသိမ်းဖို့ နိုင်ငံပေါင်း ၅၀ ကျော်က ကတိပြုခဲ့ပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ One Planet ထိပ်သီးအစည်းအဝေးမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့ အပင်နဲ့ သတ္တဝါ ခန့်မှန်းခြေအားဖြင့် အမျိုးပေါင်း တစ်သန်းလောက်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ထိပ်သီးအစည်းအဝေးကို ပြင်သစ်သမ္မတ Emmanuel Macron က ဦးဆောင်ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို ဗြိတိန် ဝန်ကြီးချုပ် Boris Johnson နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel တို့အပါအဝင် တခြားခေါင်းဆောင်တွေ အွန်လိုင်းကနေ တက်ရောက်ခဲ့ကြပါတယ်။
ပြင်သစ်နဲ့ ဂျပန် အပါအဝင် နိုင်ငံတွေဟာ ၂၀၃၀ ပြည့်နှစ်နောက်ဆုံးထားပြီး အဲဒီရည်မှန်းချက်အောင်မြင်အောင် ကြိုးပမ်းကြမှာ ဖြစ်တယ်လို့ ခေါင်းဆောင်တွေက ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အခုနှစ်အနှောင်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂညီလာခံတစ်ခုမှာ အဲဒီ ရည်မှန်းချက်ကို ဦးတည်တဲ့ သဘောတူညီချက်တစ်ခု ရရှိနိုင်ဖို့ သူတို့က မျှော်လင့်ထားပါတယ်။
လတ်တလောမှာတော့ ကမ္ဘာ့ကုန်းမြေရဲ့ ၁၅ရာခိုင်နှုန်းနဲ့ ပင်လယ်သမုဒ္ဒရာရဲ့ ၇ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ အဲဒီလို ဧရိယာတွေ များပြားလာခြင်းဟာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေကို လျော့ကျစေမှာ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ အရာရှိတွေက ပြောပါတယ်။
ဂျပန် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး Koizumi Shinjiro က ဆက်စပ် အစည်းအဝေး တစ်ခုမှာ ဗီဒီယို သတင်းစကား ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ ဇီဝမျိုးစိတ်ကွဲများဆိုင်ရာ ၂၀၂၀ အလွန် မူဘောင်အတွက် ရည်မှန်းချက်ကြီးမားပြီး လက်တွေ့ကျတဲ့ ပန်းတိုင်တစ်ခု အကောင်အထည် ပေါ်လာရေးကို တခြားနိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ပြင်ဆင်နေပြီလို့ ပြောကြားခဲ့ပါတယ်။