အမေရိကန် ဒီမိုကရက် အောက်လွှတ်တော်အမတ်တွေ သမ္မတကို စွဲချက်တင်မယ့် ဆုံးဖြတ်ချက် စတင်လုပ်ဆောင်

အမေရိကန် အောက်လွှတ်တော်အမတ်တွေက သမ္မတ Donald Trump ကို စွဲချက်တင်မယ့်ဆုံးဖြတ်ချက် ချဖို့အတွက် တနင်္လာနေ့မှာ စတင် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ်အမတ်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် လွှတ်တော်အဆောက်အအုံ Capitol မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ မစ္စတာ Trump ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သူ့ကို အပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။
စွဲချက်အကြောင်းအရာမှာ မစ္စတာ Trump ဟာ အစိုးရကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေကို လှုံ့ဆော်ခဲ့ပြီး သူဟာ နိုင်ငံ့လုံခြုံရေးနဲ့ ဒီမိုကရေစီရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ ဆိုထားပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က အတည်ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မစ္စတာ Trump ဟာ အမေရိကန်သမ္မတတွေထဲမှာ စွဲချက် ၂ ကြိမ် တင်ခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါလိမ့်မယ်။
ပထမတစ်ကြိမ် စွဲချက်ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းကဖြစ်ပြီး ယူကရိန်းနိုင်ငံအပေါ် မလျော်ကန်တဲ့ ဖိအားတွေ ပေးခဲ့တယ်ဆိုတဲ့ သံသယတွေကြောင့် ဖြစ်ပါတယ်။
တကယ်လို့ အောက်လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင် လုပ်ငန်းစဉ်အရ အထက်လွှတ်တော်က စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
သမ္မတကို ပြစ်ဒဏ်ချဖို့နဲ့ ဖယ်ရှားဖို့အတွက် အထက်လွှတ်တော်ရဲ့ မဲ သုံးပုံ နှစ်ပုံ လိုအပ်ပါတယ်။ ဒါကြောင့် မစ္စတာ Trump ဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်ခြေ မရှိနိုင်ဘူးလို့ ယူဆရပါတယ်။
ရာထူးသက်တမ်းကုန်ဆုံးဖို့ ၁၀ ရက်တောင် မကျန်တော့တဲ့ သမ္မတတစ်ယောက်ကို စွဲချက်တင်ဖို့ လုပ်ငန်းစဉ် လုပ်ဆောင်တာဟာ မကြုံစဖူး ထူးထူးခြားခြား ဖြစ်ပါတယ်။