ဗြိတိန်မှာ ဆေးကုသရေးစနစ်ကို ကယ်တင်ဖို့ ကာကွယ်ဆေးအပေါ် အထူးအားထားနေ

ဗြိတိန်နိုင်ငံမှာ ဆေးကုသရေးစနစ် အခြေအနေ အင်မတန် ဆိုးရွားနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် နိုင်ငံသားတွေကို ကာကွယ်ဆေး အလျင်အမြန် ထိုးပေးနေပါတယ်။

ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် ရောဂါ ပြန့်ပွားမှုတွေ တစ်ဟုန်ထိုး မြင့်တက်နေပါတယ်။ တချို့နေ့တွေမှာ တစ်နေ့တာ ကူးစက်မှု အရေအတွက်ဟာ ၆၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
ဗြိတိန်မှာ ဆေးရုံတင်ထားရတဲ့ COVID-19 လူနာအရေအတွက်ဟာ ၃၀,၀၀၀ ကျော်အထိ ရှိပါတယ်။ အခုနှစ်ဦးက စပြီး ဆေးရုံတင်ရတဲ့ အရေအတွက်ဟာ ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲ Chris Whitty က တနင်္လာနေ့က BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နိုင်ငံ့ကျန်းမာရေးဝန်ဆောင်မှုအတွက် ကပ်ရောဂါအခြေအနေဟာ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်း "အဆိုးရွားဆုံး" အနေအထားကို ရောက်လိမ့်မယ်လို့ သတိပေးပြောကြား ခဲ့ပါတယ်။
မစ္စတာ Whitty က အခု အပြင်မထွက်ရအမိန့်ထုတ်ထားတာကို လူတိုင်း လိုက်နာကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးချုပ် Boris Johnson က တနင်္လာနေ့က ကာကွယ်ဆေးထိုးတဲ့ စင်တာကို သွားရောက်ခဲ့စဉ်က အစိုးရအနေနဲ့ ကာကွယ်ဆေးထိုး ပေးနိုင်ဖို့အတွက် "အချိန်လု တိုက်ပွဲဝင်" နေရတယ်လို့ ပြောပါတယ်။
ဗြိတိန်အစိုးရဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချိန်အတောအတွင်း အသက် ၇၀ နဲ့ အထက်ရှိသူတွေကို ဦးစားပေးပြီး လူဦးရေ ၁၅ သန်းကို ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်နေပါတယ်။
လူပေါင်း ၂.၃ သန်းလောက်အထိ ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ လူပေါင်း ၃၉၀,၀၀၀ နီးပါး ကာကွယ်ဆေး ထိုးခွင့်ရမှာ ဖြစ်ပါတယ်။