၂၀၂၁ ခုနှစ်မှာ လူအုပ်စုလိုက် ကိုယ်ခံအား ရရှိလာဖို့ ခက်ခဲကြောင်း WHO ဆို

ကာကွယ်ဆေးတွေ ရရှိနိုင်မှု တိုးလာနေပေမဲ့ အခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် အပေါ် လူအုပ်စုလိုက် ကိုယ်ခံအားရရှိပြီး ရောဂါပြီးခြင်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကပြောလိုက်ပါတယ်။

သောကြာနေ့အထိ အဓိကအားဖြင့် စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေပါဝင်တဲ့ ကမ္ဘာတစ်လွှားက ၄၂ နိုင်ငံမှာ လူတွေကို ကာကွယ်ဆေးထိုးတာ ဒါမှမဟုတ် အဲဒီအတွက် ပြင်ဆင်တာတွေ စတင်ခဲ့တယ်လို့ WHO က ဆိုပါတယ်။
WHO ရဲ့ သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan က တနင်္လာနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ တကမ္ဘာလုံးက လူအားလုံးအတွက် လုံလောက်တဲ့ ကာကွယ်ဆေးပမာဏကို ထုတ်လုပ်ဖို့ အချိန်ကြာမယ်လို့ ဆိုပါတယ်။ "ကျွန်မတို့အနေနဲ့ ၂၀၂၁ ခုနှစ်မှာ လူဦးရေဆိုင်ရာ ကိုယ်ခံအားရရှိပြီး ရောဂါပြီးခြင်း တစ်နည်းအားဖြင့် လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်း အဆင့်တစ်ခုခုကို ရောက်ရှိနိုင်မှာ မဟုတ်ဘူး" လို့ သူက ဆိုပါတယ်။
မီးစ် Swaminathan က တကယ်လို့ နိုင်ငံတချို့မှာ ကွက်ပြီး လူအုပ်စုလိုက် ကိုယ်ခံအား ရလာခဲ့ရင်လည်းဒါဟာ ကမ္ဘာတစ်လွှားက လူတွေကို ကာကွယ်စောင့်ရှောက်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အများပြည်သူ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ပြီး ချမှတ်လုပ်ဆောင်သွားဖို့ အရေးပါပုံကို သူက အလေးထားပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ WHO က ကမ္ဘာကြီးမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးထားပြီးဖြစ်တဲ့ အနေအထားလို့ အဓိပ္ပာယ်ရတဲ့ လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်း ဘယ်အချိန်ကျရင် ဖြစ်လာနိုင်မလဲဆိုတာ မသိနိုင်ဘူးလို့ ပြောခဲ့ပြီးနောက် သူ့ရဲ့ အခုလိုမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။