အားကစားပွဲတွေအတွက် ကြိုတင်ပြင်ဆင်မယ်လို့ တိုကျို အိုလံပစ် ကျင်းပရေးကော်မတီ အကြီးအကဲဆို

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲ ကျင်းပရေး ကော်မတီ အကြီးအကဲက အခုနှစ် နွေရာသီမှာ ဒီပွဲတွေ ကျင်းပမယ်ဆိုတဲ့ သူ့ရဲ့ သိန္နိဋ္ဌာန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မစ္စတာ Mori Yoshiro က ကော်မီတီ အဖွဲ့ဝင် ၃,၅၀၀ လောက်ကို အင်္ဂါနေ့က အွန်လိုင်းကနေ နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
ဒီအားကစားပွဲတွေကို ကပ်ရောဂါအတွင်းမှာ ကျင်းပသင့်သလားဆိုတဲ့ မေးခွန်းကို ရည်ညွှန်းပြီး သူ့အနေနဲ့ တွေဝေနေတဲ့ ဒါမှမဟုတ် မပြတ်မသားဖြစ်နေတဲ့ အမူအယာတွေကို ပြသခဲ့မယ်ဆိုရင် အရာအားလုံးအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ထင်တဲ့အကြောင်း သူက ပြောခဲ့ပါတယ်။
ကြိုတင်ပြင်ဆင်မှုတွေကို စီစဉ်ထားတဲ့အတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မစ္စတာ Mori က ပြောပါတယ်။ သူ့အနေနဲ့ ဒီ မှောင်မိုက်တဲ့ လိုဏ်ခေါင်းထဲကထွက်နိုင်ဖို့ အားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားချင်တယ်လို့လည်း ဆိုပါတယ်။
လူအများအပြား ပျော်ရွှင်ဖို့ ဆုံးခန်းတိုင်တဲ့အထိ သူအစွမ်းကုန် ကြိုးစားသွားဖို့ မျှော်လင့်နေပြီး ရှည်လျားတဲ့ညရဲ့နောက်မှာ မနက်ခင်းဟာ မလွဲမသွေ ရောက်လာမယ်လို့ သူယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ကော်မတီရဲ့ ညွှန်ကြားရေးမှူးချုပ် Muto Toshiro က အားကစားဆိုတာ အားကောင်းပြီး လူတွေကို ခံစားမှုတွေ ပေးနိုင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ တာဝန်က ဘာတွေဖြစ်လာမလဲဆိုတာမျိုး တွေးနေဖို့မဟုတ်ဘဲ ဒီအားကစားပွဲတွေကို ကျင်းပနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တိုကျိုနဲ့ အနီးပတ်ဝန်းကျင် ခရိုင် ၃ ခုမှာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ထားတဲ့ အတောအတွင်း ကော်မတီ အဖွဲ့ဝင်တွေကို တတ်နိုင်သမျှ နေအိမ်ကနေ အလုပ်လုပ်ဆောင်စေပြီး ကြိုတင်ပြင်ဆင်မှုတွေကို သေသေချာချာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒီကော်မတီက ဆိုပါတယ်။