ဆီနီဂေါနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် စီမံချက်အတွက် ဂျပန်ကူညီမယ်

ဆီနီဂေါနိုင်ငံက ကိုရိနာဗိုင်းရပ်စ်ဆိုင်ရာ ကိုင်တွယ်ရေးနဲ့ ကျန်းမာရေးစနစ် အားဖြည့်ရေး ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ကတိပြုပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အနောက်အာဖရိက က ဆီနီဂေါနိုင်ငံ ခရီးစဉ်အတွင်း တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ မစ္စတာ Motegi က ဆီနီဂေါ နိုင်ငံခြားရေးရာဝန်ကြီး Aissata Tall Sall နဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံသားအားလုံးအတွက် အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးရမှာဖြစ်တဲ့ universal healthcare coverage အယူအဆကို အကောင်အထည်ဖော်ဖို့ ဆီနီဂေါနိုင်ငံက တက်တက်ကြွကြွ လုပ်ဆောင်နေတာကို မစ္စတာ Motegi က ချီးကျူးပြောကြားခဲ့ပါတယ်။
ဒီကပ်ရောဂါကြီးအတွက် ကိုင်တွယ်ဆောင်ရွက်ရေးမှာ ထောက်ပံ့ပေးဖို့ မစ္စတာ Motegi ရဲ့ ကမ်းလှမ်းမှုကို တုန့်ပြန်ပြီး ဆီနီဂေါ နိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံအတွက် COVID-19 ကာကွယ်ဆေးတွေ ရရှိဖို့နဲ့ ဆေးကုသမှုစနစ်ဆိုင်ရာ ငွေကြေးအထောက်အပံ့တွေအတွက် ဂျပန်ရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။
အခုနှစ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ဆက်လက်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားဖြည့်သွားဖို့ ဝန်ကြီးနှစ်ဦးက သဘောတူခဲ့ကြပါတယ်။
အာဖရိကမှာ တရုတ်နိုင်ငံရဲ့ ဩဇာသက်ရောက်မှု တိုးလာနေတဲ့အနေအထားကို ထောက်ရှုပြီး မစ္စတာ Motegi က ဆီနီဂေါနိုင်ငံအနေနဲ့ "လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်" ဆိုတဲ့ ဂျပန်ရဲ့ သဘောထားအမြင်ကို နားလည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဆီနီဂေါ နိုင်ငံခြားရေးဝန်ကြီးက သူ့အနေနဲ့ဂျပန်ရဲ့ အမြင်နဲ့ "အပြည့်အဝ" တူညီကြောင်းနဲ့ ဒီ သဘောထားအမြင် အကောင်အထည်ပေါ်လာဖို့ တက်တက်ကြွကြွ လုပ်ဆောင်သွားချင်တယ်လို့ ပြောခဲ့ပါတယ်။