အရေးပေါ်အခြေအနေ ကြေညာချက် ဧရိယာတိုးချဲ့ဖို့ ဂျပန်ဝန်ကြီးချုပ် စဉ်းစားမယ်

ဂျပန်အနောက်ပိုင်းက ခရိုင်တွေပါ ထည့်သွင်းပြီး အရေးပေါ်အခြေအနေ ကြေညာချက်ကို ဧရိယာတိုးချဲ့ဖို့ သူ့ အနေနဲ့ စတင်စဉ်းစားသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ပြောပါတယ်။

အစိုးရနဲ့ အာဏာရပါတီ အဖွဲ့ဝင်တွေရဲ့ အင်္ဂါနေ့က အစည်းအဝေးတစ်ခုမှာ အဲဒီသဘောထားကို မစ္စတာ Suga က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတာကို ကိုင်တွယ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အစောဆုံး ဗုဒ္ဓဟူးနေ့မှာ အိုစာကာ၊ ကျိုတိုနဲ့ ဟယောဂို ခရိုင်တွေကို ဖြည့်စွက်ပြီး အရေးပေါ်အခြေအနေကြေညာဖို့ အစိုးရက ဦးတည် လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရဟာ ကူးစက်မှုတွေ ဆက်ပြီး အရှိန်အဟုန်နဲ့ ပျံ့နှံ့နေတဲ့ တိုကျိုနဲ့ အနီးပတ်ဝန်းကျင်က ခရိုင် ၃ ခုမှာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ အိုစာကာအပါအဝင် ဧရိယာတွေမှာလည်း ကူးစက်မှုတွေ အရှိန်အဟုန်နဲ့ တိုးလာတာတွေ့ရတယ်လို့ မစ္စတာ Suga က ဆိုပါတယ်။
အဲဒီလို အခြေအနေတွေကို ထောက်ရှုပြီး အရေးပေါ်အခြေအနေ ကြေညာချက်ကို ဧရိယာတိုးချဲ့ဖို့ စတင် စဉ်းစားသွားမယ်လို့ သူက ဆိုပါတယ်။
အစိုးရဟာ အရင်က အတွေ့အကြုံတွေကို အခြေခံပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်တွေအပေါ် အာရုံစိုက်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ မစ္စတာ Suga က ပြောပါတယ်။
သူ့အနေနဲ့ အဓိကအားဖြင့် လုပ်ငန်းစဉ် ၄ ရပ်နဲ့ ကူးစက်မှုတွေကို တားဆီးသွားချင်တယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ အရက်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို ည ၈နာရီ နောက်ဆုံးထားပြီး ပိတ်ဖို့ တောင်းဆိုရေး၊ ကုမ္ပဏီတွေအနေနဲ့ အိမ်ကနေ အလုပ်လုပ်တာကို အားဖြည့်လုပ်ဆောင်ဖို့နဲ့ ရုံးတွေက ဝန်ထမ်းကို ၇၀ ရာခိုင်နှုန်း လျှော့ချဖို့ တောင်းဆိုရေး၊ ဒေသတွင်းနေထိုင်သူတွေအနေနဲ့ ည ၈ နာရီ နောက်ပိုင်းမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ တောင်းဆိုရေးနဲ့ ဖျော်ဖြေပွဲတွေမှာ ကြည့်ရှုသူအရေအတွက်ကို ကန့်သတ်ရေးတွေ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာစေရေးအတွက် ကူးစက်မှု ပျံ့နှံ့နေတာကို ထိန်းချုပ်ရေးမှာ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းစဉ်အားလုံးကို အစိုးရနဲ့ အာဏာရပါတီတွေက လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မစ္စတာ Suga ကဆိုပါတယ်။