ဒီမိုကရက်တွေက Donal Trump ကို သမ္မတရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆို

အမေရိကန်လွှတ်တော်က ဒီမိုကရက်တစ်အမတ်တွေဟာ သမ္မတ Donal Trump ကို ရာထူးတာဝန်ကနေ ဖယ်ရှားရေး ဒုသမ္မတ Mike Pence ကို တိုက်တွန်းဖို့ လုပ်ငန်းစဉ်တွေ စတင်မယ်လို့ အောက်လွှတ်တော်အမတ် Nancy Pelosi က ပြောကြားလိုက်ပါတယ်။

မစ္စတာ Trump ကို ထောက်ခံသူတွေက အမေရိကန်လွှတ်တော် အဆောက်အအုံ Capitol ကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်အကြာ တနင်္ဂနွေနေ့မှာ တခြား ဒီမိုကရက်တစ် အမတ်တွေဆီကို ပေးပို့တဲ့စာထဲမှာ မီးစ် Pelosi က အဲဒီအစီအစဉ်ကို ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမှာ Joe Biden အနိုင်ရကြောင်း လွှတ်တော်အတွင်းမှာ အတည်ပြုနေတဲ့ အချိန် အဲဒီလို ဝိုင်းဝန်းပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေက တနင်္လာနေ့မှာ တညီတညွတ်တည်း သဘောတူညီချက်ကိုတောင်းခံမှာဖြစ်တယ်လို့ အဲဒီစာထဲမှာ မီးစ် Pelosi က ပြောထားပါတယ်။
မစ္စတာ Trump ဟာ သမ္မတတာဝန်တွေ မထမ်းဆောင်နိုင်တော့ဘူးဆိုတာ ကြေညာဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်ဆင်ချက် ၂၅ ကို ကိုးကားဖို့ ဒုသမ္မတ Pence ကို ဒီဆုံးဖြတ်ချက်မှာ တောင်းဆိုထားတယ်လို့ မီးစ် Pelosi က ပြောပါတယ်။
မစ္စတာ Trump ကို စွဲချက်တင်ဖို့ နောက်ထပ် ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားဖို့ အဆင်သင့်ပဲလို့လည်း မီးစ် Pelosi က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မစ္စတာ Trump ကို ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်ဖို့ မစ္စတာ Pence မှာ ရည်ရွယ်ချက် မရှိဘူးလို့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။