Hokuriku နဲ့ Niigata ဒေသတွေမှာ နှင်းကျမှုစတင်လျော့ကျ

ဂျပန်မိုးလေဝသဆိုင်ရာ အရာရှိတွေက Niigata ခရိုင်နဲ့ Hokuriku ဒေသတွေမှာ နှင်းအကြီးအကျယ်ကျတာတွေ လွန်မြောက်သွားပြီလို့ ဆိုလိုက်ပါတယ်။

ဒေသခံတွေအနေနဲ့ သတိထားနေကြပါလို့ သူတို့က ပြောပါတယ်။ အားကောင်းတဲ့ ဆောင်းရာသီလေဖိအားများ ရပ်ဝန်းနဲ့ လေအေးထုကြီးတွေက ဂျပန်ပင်လယ်ကမ်းခြေ တစ်လျှောက်မှာ နှင်းအမြောက်အမြားကျစေခဲ့တယ်လို့ မိုးလေဝသဆိုင်ရာအရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့လည်း တနင်္လာနေ့မနက်ပိုင်းမှာ Niigata ခရိုင်မှာနဲ့ နှင်းကျတဲ့ပမာဏ စံချိန်တင်ခဲ့တဲ့ Hokuriku ဒေသတို့မှာ နှင်းအမြောက်အမြားကျ တာတွေ လွန်မြောက်သွားပြီလို့ သူတို့က ဆိုပါတယ်။
အဲဒီအရပ်တွေက မိုးလေဝသတိုင်းတာရေးစခန်းအများစုမှာ စုစုပေါင်းနှင်းကျတဲ့ပမာဏဟာ နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်မျိုးမှာ ကျတဲ့ပျမ်းမျှနှင်းပမာဏထက် ၂ ဆကနေ ၃ ဆ လောက်အထိ ရှိပါတယ်။
နှင်းထုများပြားတာနဲ့ ရေခဲနေတဲ့လမ်းတွေကြောင့် သယ်ယူပို့ဆောင်ရေးထိခိုက်တာနဲ့ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်တာတွေအပြင် အိမ်ခေါင်မိုးပေါ်ကနေ နှင်းတွေပြုတ်ကျတာ ၊ နှင်းတောင်ပြိုတာတွေကို ပြည်သူတွေအနေနဲ့ သတိထားကြဖို့ မိုးလေဝသအေဂျင်စီက တိုက်တွန်းနေပါတယ်။
ဒီအတောအတွင်း ပစိဖိတ်သမုဒ္ဒရာကမ်းခြေတစ်လျှောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ တနင်္လာနေ့ညနေပိုင်းကနေ အင်္ဂါနေ့အထိ ဖြစ်ထွန်းဖွယ်ရာရှိတဲ့အတွက် Kyushu, Shikoku, Kansai, Tokai ဒေသတွေနဲ့ တိုကျိုပတ်ဝန်းကျင်မှာရှိတဲ့ Kanto-Koshin ဒေသက တောင်ထူထပ်တဲ့အရပ်တွေမှာ နှင်းကျဖွယ်ရှိပါတယ်။