ဂျပန်တွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို တွေ့ရှိ

အခုလအစောပိုင်းက တိုကျိုမှာရှိတဲ့ Haneda လေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ လူ ၄ ဦးမှာ ဗြိတိန်နဲ့ တောင်အာဖရိကတို့မှာ တွေ့ရှိရတဲ့ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်နဲ့ မတူတဲ့ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်ဆိုတာ တွေ့ရှိရတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

အဲဒီ ၄ ဦးဟာ ဆယ်ကျော်သက်အရွယ်ကနေ ၄၀ တန်း အရွယ် အထိဖြစ်ကြပြီး သူတို့အားလုံးဟာ ဘရာဇီးနိုင်ငံက Amazonas ပြည်နယ်မှာ နေထိုင်ခဲ့ကြသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
သူတို့တတွေ အဲဒီကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတာကို ဇန်နဝါရီလ ၂ ရက်နေ့က Haneda လေဆိပ်မှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ကူးစက်ရောဂါဌာန က သူတို့တတွေဆီကရယူခဲ့တဲ့ နမူနာတွေကို စစ်ဆေးခဲ့ရာမှာ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အသစ်ကို တွေ့ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံကလေဆိပ်မှာ ရောဂါပိုးစစ်ဆေးမှုလုပ်ဆောင်ရာမှာ အဲဒီဗိုင်းရပ်စ်အသစ်ကို တွေ့ရှိတယ်ဆိုတာဟာ ပထမဦးဆုံးပဲ ဖြစ်ပါတယ်။