ဂျပန်ထုတ်ဆေး COVID-19 အတွက် ထိရောက်မှုရှိဟု ဗြိတိန်လေ့လာချက်က တွေ့ရှိ

ဂျပန်က ထုတ်တဲ့အရိုးအဆစ်နာကုသဆေးတစ်မျိုးဟာ COVID-19 ရောဂါကို ဆိုးဆိုးရွားရွားခံနေရတဲ့လူနာတွေ အသက်ရှင်နှုန်းကို သိသိသာသာတိုးလာအောင်လုပ်နိုင်တယ်လို့ ဗြိတိန်အခြေစိုက် သုတေသီအဖွဲ့တစ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

Imperial College London က သုတေသီတွေနဲ့ တခြားနေရာ တွေက အစီရင်ခံချက်တွေအရ tocilizumab လို့ လူသိများတဲ့ Actemra ဆိုတဲ့ အရိုးအဆစ်နာကုသဆေးကို လက်တွေ့စမ်းသပ်မှုအရ အဲဒီလိုတွေ့ရှိခဲ့တာလို့ သိရပါတယ်။
စမ်းသပ်အုပ်စုထဲက လူနာ ၄၀၀ လောက်မှာ သေဆုံးနှုန်းဟာ ၃၅.၈ ရာခိုင်နှုန်းရှိနေချိန်မှာ အဲဒီဆေးနဲ့ကုသခံခဲ့ရတဲ့ လူ ၃၅၀ လောက်မှာ သေဆုံးနှုန်းဟာ ၇ မှတ်ကျော် လျော့ကျခဲ့ပြီး ၂၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သူတို့က ပြောပါတယ်။
အဲဒီသုတေသီအဖွဲ့က နောက်ထပ် အရိုးအဆစ်နာကုသဆေး တစ်မျိုးဟာလည်း အလားတူထိရောက်မှုရှိတယ်လို့ ဆိုပါသေးတယ်။
Actemra ဆေးကို ဂျပန်က အိုစာကာတက္ကသိုလ် နဲ့ Chugai ဆေးကုမ္ပဏီတို့ ပူးတွဲတီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆေးဟာ လူသားတွေရဲ့ ကိုယ်ခံစွမ်းအားစနစ် အလွန်အကျွံတုံ့ပြန်တာကို တားဆီးဖို့ အထောက်အကူဖြစ်စေမယ်လို့ တွက်ဆရပါတယ်။
ဗြိတိန်အစိုးရကလည်း အထူးကြပ်မတ်ဆောင်တွေမှာ ကုသမှုခံယူနေရတဲ့ COVID-19 လူနာတွေကို ကုသရေးမှာ အဲဒီဆေးတွေကို အသုံးပြုရေးအတွက် သူ့ရဲ့အင်တာနက်စာမျက်နှာမှာ အားပေးပြောဆိုထားပါတယ်။