အင်ဒိုနီးရှားသမ္မတက ပျောက်ဆုံးလေယာဉ် ပျက်ကျသွားကြောင်း အတည်ပြု

အင်ဒိုနီးရှားက ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေတဲ့ ခရီးသည်တင်လေယာဉ်ကနေ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေလို့ ထင်ရတဲ့အရာတွေနဲ့ အပျက်အစီးတွေကို ရေထဲမှာ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

စနေနေ့က Sriwijaya လေကြောင်းရဲ့ Boeing 737-500 လေယာဉ်ဟာ Jakarta မြို့ပြင်မှာရှိတဲ့ လေဆိပ်ကနေ ထွက်ခွာပြီး မကြာခင်မှာ ရေဒါကနေ ပျောက်သွားခဲ့ပါတယ်။ အဲဒီ လေယာဉ်ဟာ အနောက် Kalimantan ပြည်နယ် Pontianak မြို့ကို ထွက်ခွာသွားတာဖြစ်ပြီး လူ ၆၂ ဦး လိုက်ပါသွားခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အဲဒီလေယာဉ်ဟာ ပျက်ကျ သွားတာဖြစ်တယ်လို့ သူ့ကို အကြောင်းကြားခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ Joko Widodo က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

သူက အလွန်အမင်း ဝမ်းနည်းရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ချက်ချင်းလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံ့ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီနဲ့ ရေတပ်တွေဟာ လေဆိပ်ရဲ့ မြောက်ဘက် ၁၇ ကီလိုမီတာအကွာလောက်မှာ ရှိတဲ့ ရေပြင်မှာ ရှာဖွေရေးတွေ ပြုလုပ်နေကြပါတယ်။ အဲဒီလေယာဉ်ကနေ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေ လို့ထင်ရတဲ့ အရာတွေနဲ့ လေယာဉ်ရဲ့ အပျက်အစီးတွေကို တွေ့ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
လေယာဉ် အရေးပေါ်ထွက်ပေါက်လျှောလို့ ထင်ရတဲ့ အရာတစ်ခုကို Jakarta မြောက်ပိုင်းဆိပ်ကမ်းမှာရှိတဲ့ အဲဒီအေဂျင်စီရဲ့ လုပ်ငန်းအဖွဲ့ရုံးဆီကို တနင်္ဂနွေနေ့မနက်ပိုင်းက သယ်ဆောင်သွားခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါသွားသူအားလုံးဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး အသက်ရှင်ကျန်ရစ်မယ့် လေယာဉ်ဝန်ထမ်းတွေနဲ့ ခရီးသည်တွေကို အာဏာပိုင်တွေက ဆက်လက် ရှာဖွေနေကြပါတယ်။