Hokuriku နဲ့ Niigata တို့မှာ ဆီးနှင်း အမြောက်အမြား ကျနေ

မိုးလေဝသအရာရှိတွေက Hokurikuနဲ့ ဂျပန်ပင်လယ်တစ်လျှောက်မှာရှိတဲ့ အခြားဒေသတွေမှာ နှင်းအမြောက်အမြား ပိုကျဖို့ရှိကြောင်း သတိပေးနေ ပါတယ်။

Hokurikuဒေသနဲ့ Niigata ခရိုင်တွေမှာ အဓိကအားဖြင့် ဆောင်းရာသီ လေဖိအားပုံစံ အားကောင်းနေပြီး အလွန်အေးတဲ့ လေထုကြောင့် ဆီးနှင်းတွေ အမြောက်အမြား ထူထပ်စွာ ကျနေတာ ဖြစ်တယ်လို့ ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။
Niigata ခရိုင် Itoigawa မြို့မှာတော့ မနက် ၁ နာရီ ကနေ ၄ နာရီအတွင်း နှင်း ၂၆ စင်တီမီတာအထိ ထူထပ်စွာ ကျဆင်းခဲ့ပါတယ်။ ယာဉ်အန္တရာယ် ကြီးကြီးမားမား ဖြစ်စေနိုင်တာကြောင့် နှင်းကျဆင်းမှု ပမာဏနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ လေဖိအားပုံစံဟာ တနင်္လာနေ့မနက်ပိုင်းအထိ ဆက်လက်တည်ရှိနေ နိုင်ပြီး အဓိကအားဖြင့် မြောက်ပိုင်းကနေ အနောက်ပိုင်းအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှင်းတွေကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Hokuriku ဒေသနဲ့ Niigata ခရိုင်တွေမှာ ရံဖန်ရံခါ ဆီးနှင်း ထူထပ်စွာ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ အင်္ဂါနေ့မနက်အထိ ဒီလို ရာသီဥတုမျိုး ဆက်လက်ဖြစ်ပေါ်နေမယ်လို့ မျှော်လင့်ရပါတယ်။
Tohoku ကနေ Chugokuအထိ ကမ်းရိုးတန်းဒေသတချို့မှာတော့ ပုံမှန်နှစ်တွေထက် ၂ဆကနေ ၉ဆအထိရောက်အောင် နှင်းတွေ ထူထပ်စွာ ကျလျက်ရှိပါတယ်။
ဆီးနှင်းတွေ ထူထပ်ပြီး အေးခဲနေတဲ့လမ်းတွေကြောင့် ယာဉ်အန္တရာယ် ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး သတိထားကြဖို့ မိုးလေဝသအရာရှိတွေက တိုက်တွန်းနေပါတယ်။