ဂျပန်မှာ remdesivir ဆေးကို ရောဂါမပြင်းထန်တဲ့ COVID လူနာတွေမှာပါ အသုံးပြုဖို့ရှိ

ဂျပန်နိုင်ငံမှာ ကိုဗစ်ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာတွေအပြင် ရောဂါ သိပ်မပြင်းထန်တဲ့ ကိုဗစ်လူနာတွေကိုပါ ဗိုင်းရပ်စ်ကုသဆေး remdesivir ကို အသုံးပြုကုသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂျပန် ကျန်းမာရေး၀န်ကြီးဌာနက ပြီးခဲ့တဲ့မေလက ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့အတွက် အဲဒီဆေးကို အလျင်အမြန် လမ်းညွှန်ချက်ချမှတ်ပြီး အသုံးပြုခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆေးကို အသက်ရှူစက် တပ်ဆင်ကုသနေရတဲ့ လူနာတွေ ဒါမှမဟုတ် ECMO နှလုံး နဲ့ အဆုတ်ကိုယ်စား အလုပ်လုပ်ပေးတဲ့စက်တွေနဲ့ ကုသမှုခံယူနေရတဲ့ လူနာတွေကိုသာ အသုံးပြုဖို့ ကန့်သတ်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးထုတ်လုပ်သူတွေဆီကနေ လက်တွေ့စမ်းသပ် ကုသထားတဲ့ အချက်အလက်တွေကို ထပ်မံရရှိထားပြီး ဒီဆေးဟာ ရောဂါအပြင်းထန်ဆုံး အခြေအနေရောက်နေတဲ့ လူနာတွေကလွဲရင် ထိရောက်မှုရှိတယ်လို့ အတည်ပြုထားပါတယ်။
အခုအခါ Remdesivir ဆေးကို အဆုတ်အအေးမိရောဂါ ခံစားနေရတဲ့ ရောဂါလက္ခဏာ သိပ်မပြင်းထန်တဲ့ လူနာတွေမှာပါ သုံးစွဲလို့ ရလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာ အဲဒီဆေးက လိုသလောက် မရသေးတာကြောင့် ရောဂါပြင်းထန်တဲ့ လူနာတွေကိုသာ အသုံးပြုဖို့ အစီအစဉ်ရှိတဲ့ ဆေးရုံတွေကိုပဲ အခုအချိန်မှာတော့ ဖြန့်ပေးမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ဆေးရုံတက်နေတဲ့ လူနာတွေမှာ remdesivir ဆေးကို မသုံးစွဲဖို့ အကြံပြုခဲ့ပါတယ်။ အဲဒီဆေးဟာ သေဆုံးမှုနည်းအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာ မရှိဘူး ဒါမှမဟုတ် လက်တွေ့စမ်းသပ်ကုသတဲ့နေရာမှာ တိုးတက်မှုမရှိဘူးလို့ WHO က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီဆေးအာနိသင်နဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ အကဲဖြတ်ချက်တွေအပေါ် WHOရဲ့ လမ်းညွှန်ချက်တွေက သက်ရောက်မှာမဟုတ်ဘူး လို့ ဆိုပါတယ်။