ဂျပန်မှာ Pfizer ရဲ့ကာကွယ်ဆေးကို ၁၆နှစ်အောက်အတွက် မသုံး

ဂျပန့်ကျန်းမာရေးဝန်ကြီးဌာနက Pfizer ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အချိန်အတိုင်းအတာတစ်ခုအထိ အသက်၁၆ နှစ်နဲ့ အထက် အရွယ်ရှိသူတွေအတွက်သာ အသုံးပြုဖို့ စဉ်းစားနေတယ်လို့ NHK က သတင်းရ ရှိပါတယ်။

ဂျာမနီမိတ်ဖက်ကုမ္ပဏီ BioNTech နဲ့ ပူးပေါင်းပြီးတီထွင်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး ကို ဂျပန်နိုင်ငံမှာ သုံးစွဲခွင့် အတည်ပြုပေးဖို့ Pfizer ကုမ္ပဏီဟာ ပြီးခဲ့တဲ့လ က လျှောက်ထားခဲ့ပါတယ်။ အဲဒီလို ဂျပန်မှာ ကိုဗစ်ကာကွယ်ဆေးခွင့်ပြုချက်ရဖို့ လျှောက်ထားတာဟာ Pfizer ကုမ္ပဏီတစ်ခုတည်းသာရှိပါတယ်။
အဲဒီ ကာကွယ်ဆေးကို ဂျပန်မှာ လက်တွေ့စမ်းသပ်မှုတွေလုပ်ဆောင်နေရာမှာ အသက်၂၀ နဲ့ အထက်ရှိသူတွေကိုသာ စမ်းသပ်မှုတွေလုပ်ခဲ့တာဖြစ်တဲ့ အတွက် ကျန်းမာရေးဝန်ကြီးဌာနက အသက်၁၆နှစ်အောက်တွေမှာ အသုံးမပြုဖို့ စဉ်းစားနေတာဖြစ်တယ်လို့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
ပြည်ပမှာပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်သုံးစွဲမှုရလဒ်တွေအရလည်း အသက် ၁၅နှစ်နဲ့အောက် ကလေးတွေနဲ့ ပတ်သက်တဲ့ ဒေတာအချက် အလက်တွေအလုံအလောက် မရှိဘူးလို့သိရပါတယ်။ ကလေးမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှုနည်းတာကလည်း ကာကွယ်ဆေး သုံးစွဲခြင်းမပြုဖို့ဆုံးဖြတ်မယ့် တခြားအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းက လက်တွေ့စမ်းသပ်မှုရလဒ် ဒေတာတွေကို အခြေခံပြီး ကာကွယ်ဆေးထိုးပေးမယ့် အသက်အရွယ်ကို ကျန်းမာရေးဝန်ကြီးဌာနက အပြီးသတ် ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ အာနိသင်ကို အမြန်ဆုံးလေ့လာမှုတွေလုပ်ဖို့ စီစဉ်နေပြီး ကျန်းမာ‌ရေးဝန်ထမ်း တွေကို ဖေဖေါ်ဝါရီ လနှောင်းပိုင်းမှာ စတင် ထိုးပေးနိုင်မယ်လို့ မျှော်လင့်ရပါ တယ်။
အခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ပြည်သူ သန်း၆၀ အတွက် ကာကွယ်ဆေး တွေ အလုံအလောက်ရရှိနိုင်ဖို့ ဂျပန်နဲ့ Pfizer ကုမ္ပဏီတို့ သဘောတူညီမှု ရထားပြီးဖြစ်ပါတယ်။