Osaka, Hyogo နဲ့ Kyoto ခရိုင်တွေမှာ အရေးပေါ်ကြေညာဖို့ သုံးသပ်

ဂျပန်အနောက်ပိုင်းက Osaka ၊ Hyogo နဲ့ Kyoto ခရိုင်တွေမှာလည်း အရေးပေါ် အ‌ခြေအနေကြေညာခြင်း ထပ်တိုးပြီးလုပ် မလုပ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံရမှုနှုန်းနဲ့ တခြား သတ်မှတ်ချက်စံနှုန်းတွေကို လေ့လာ သုံးသပ်သွားမယ်လို့ သိရပါ တယ်။

အဲဒီခရိုင်၃ခုရဲ့ အုပ်ချုပ်ရေးမှူးတွေက အရေးပေါ်ကြေညာချက်ထုတ်ပြန်ပေးဖို့ ဗဟိုအစိုးရကို စနေနေ့က တောင်းဆိုခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူ ၃ဦး က ဂျပန်အစိုးရရဲ့ ကိုရိုနာ ဗိုင်းရပ်စ် တုံ့ပြန်ရေးဆိုင်ရာ တာဝန်ခံဝန်ကြီး Nishimura Yasutoshi နဲ့ အွန်လိုင်း အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ရာမှာ အဲဒီလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
သက်ဆိုင်ရာဒေသအသီးသီးမှာ အခြေအနေတွေ အင်မတန်စိုးရိမ်စရာရှိနေ တယ်ဆိုတာကို အုပ်ချုပ်ရေးမှူးတွေနဲ့ အလားတူ သဘောထားရှိတယ်လို့ ဝန်ကြီး Nishimura က ပြောပါတယ်။ တိုကျိုနဲ့ အနီးနားခရိုင်တွေမှာ ချမှတ်လုပ်ဆောင်နေပြီဖြစ်တဲ့ အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ည၈နာရီမှာ ဆိုင်ပိတ်ဖို့နဲ့ အခြားဆောင်ရွက်ချက်တွေအတိုင်း၊ လုပ်ဆောင်ကြဖို့ လည်း ခရိုင်အုပ်ချုပ်‌ရေးမှူးတွေကို မစ္စတာ Nishimura က ပြောကြားခဲ့ပါတယ်။ Osaka မှာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုတွေဟာ ပုံမှန်မဟုတ်တဲ့ နှုန်းနဲ့ တိုးလာနေကြောင်း၊ ဒါဟာ တိုကျိုမှာဖြစ်တာနဲ့ မတူကြောင်း အစိုးရရဲ့ အကြံပေးပညာရှင်များအဖွဲ့က ဆိုပါတယ်။ သင့်လျော်မှန်ကန်တဲ့ မူဝါဒတွေ ရေးဆွဲချမှတ်နိုင်ဖို့အတွက် ဒေတာ အချက် အလက်တွေကို အသေးစိတ်လေ့လာ သုတေသနလုပ်ဖို့ သူတို့က အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒါကြောင့် အစိုးရက Osaka၊ Hyogo နဲ့ Kyoto ခရိုင်တွေရဲ့ နေ့စဉ် ကူးစက်ခံရမှုအရေအတွက်၊ ဗိုင်းရပ်စ် ပိုးစမ်းသပ်တွေ့ရှိမှုရာခိုင်နှုန်းနဲ့ တခြားစံချိန်စံညွှန်း စတာတွေကို အသေးစိတ်လေ့လာ ဆန်းစစ်ဖို့ လုပ်နေပါ တယ်။ အရေးပေါ်အခြေအနေ မကြေညာခင် ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာ လက်ခံကုသပေးနိုင်စွမ်း ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း လေ့လာ စောင့်ကြည့်သွားမယ်လို့လည်း သိရပါတယ်။
ဂျပန်အလယ်ပိုင်းမှာရှိတဲ့ Aichi ၊ Gifu ခရိုင်နဲ့ ကူးစက်မှုတွေ များလာနေတဲ့ တခြားဒေသတွေရဲ့ ဒေတာတွေကိုလည်း အရာရှိတွေက အသေးစိတ် လေ့လာမှုတွေဆက်လုပ်သွားဖို့ စီစဉ်နေပါတယ်။
တိုကျိုနဲ့ အနီးပတ်ဝန်းကျင်က Saitama ၊ Chiba နဲ့ Kanagawa ခရိုင်တွေမှာ သောကြာနေ့က အရေးပေါ်အခြေအနေစတင် အသက်ဝင်ခဲ့ပါတယ်။
စားသောက်ဆိုင်တွေကို စောစောပိတ်ဖို့ဆိုတာအပြင်၊ ည၈နာရီနောက်ပိုင်း မလိုအပ်ပဲ အပြင်ထွက်သွားလာတာတွေမလုပ်ဖို့ ပြည်သူတွေကို တိုက်တွန်း ထားပြီး၊ ကုမ္ပဏီတွေ ရုံးတွေမှာ ဝန်ထမ်းဦးရေကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ စီးပွားရေးလုပ်ငန်းတွေကို မေတ္တာရပ်ခံထားပါတယ်။
သောကြာနေ့က ဒေတာတွေအရ အဲဒီ ခရိုင် ၄ ခုမှာ အပြင်ထွက်သွားလာ သူတွေ သိသိသာသာ လျော့နည်းကျဆင်းသွားတာ မရှိခဲ့ဘူးလို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရုံးမသွားပဲ အိမ်ကနေအလုပ်လုပ်နိုင်အောင် ပိုပြီးအားပေးဖို့ ကုမ္ပဏီတွေကို ဆက်ပြီးတိုက်တွန်းသွားနိုင်ရေးအတွက် အစိုးရက စီစဉ်နေပါတယ်။