ဒီမိုက‌ရက်တွေက Trump ကို တာဝန်ဝတ္တရားချိုးဖောက်မှုနဲ့ စွဲချက်တင်ရန်စီစဉ်နေတယ်လို့ အမေရိကန်မီဒီယာတွင်ဖော်ပြ

သမ္မတ Donald Trump ကို တာဝန်ဝတ္တရားချိုးဖောက်မှုနဲ့ စွဲချက်တင် တဲ့လုပ်ငန်းစဉ်ကို အစောဆုံးတနင်္လာနေ့မှာ အတိုက်အခံ ဒီမိုကရက်တွေက စတင်ဖို့ရှိတယ်လို့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

သမ္မတကို ထောက်ခံသူတွေရဲ့ အမေရိကန်ကွန်ဂရက်အဆောက်အအုံ ကို အင်အားသုံးပြီးသိမ်းပိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က မစ္စတာ Trump ရဲ့ ထောက်ခံသူတွေဟာ လွှတ်တော်အတွင်းကို အတင်းအဓမ္မဝင်ရောက်ခဲ့ပြီး Joe Biden ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို အတည်ပြုဖို့ လွှတ်တော်နှစ်ရပ်ရဲ့ ပူးတွဲအစည်းအဝေးကို နှောက်ယှက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
ဒီအခြေအနေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေကို ထောက်ပြပြီး အမေရိကန်မီဒီယာအများအပြားက သမ္မတ Trump ကို ရာထူးကနေ ဖယ်ရှားပစ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒီမိုကရက်တွေဟာ အောက်လွှတ်တော်မှာ အဆိုပြုချက်မူကြမ်းတစ်ခုကို တင်သွင်းမယ် လို့ အစီရင်ခံဖော်ပြကြပါတယ်။
သမ္မတ Trump ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ယူကရိန်းနိုင်ငံအပေါ် မလျော်ကန်တဲ့ဖိအားတွေပေးခဲ့တယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရပါသေးတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ သူဟာ အဲဒီစွဲချက်ကနေ လွတ်မြောက်ခဲ့ပါတယ်။
တကယ်လို့သာ ထပ်ပြီး အဲဒီလိုစွဲချက်တင်ခံရမယ်ဆိုရင်တော့ သူဟာ အမေရိကန်သမိုင်းမှာ နှစ်ကြိမ်စွဲချက်တင်ခံရတဲ့ ပထမဦးဆုံးသော သမ္မတဖြစ်လာပါလိမ့်မယ်။
ဒါပေမဲ့လည်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတသက်တမ်း ကုန်ဆုံးတော့မှာနဲ့ အထက်လွှတ်တော်ကို သူ့ရဲ့ ရီပတ်ဗလီကင်ပါတီက အများစုအမတ်နေရာနဲ့ ထိန်းချုပ်ထားတဲ့အတွက် သူ့ကို ရာထူးကနေ ဖယ်ရှားနိုင်ဖို့အခွင့်အလမ်းဟာ နည်းပါးပါတယ်။ စွဲချက်တင်စစ်ဆေးမှုတွေကို အထက်လွှတ်တော်မှာ ပြုလုပ်မှာဖြစ်တဲ့ အတွက်ဖြစ်ပါတယ်။