မြောက်ကိုရီးယားက အမေရိကန်ကို အကြီးမားဆုံးရန်သူလို့ ခေါ်ဆို

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က အမေရိကန်ပြည်ထောင်စုကို သူ့နိုင်ငံရဲ့ အကြီးမားဆုံးရန်သူ လို့ ခေါ်ဆိုလိုက်ပါတယ်။

စနေနေ့ထုတ် အာဏာရအလုပ်သမားပါတီရဲ့ သတင်းစာ Rodong Sinmun မှာ အင်္ဂါနေ့ကစတင်ခဲ့တဲ့ ပါတီကွန်ဂရက်မှာ ခေါင်းဆောင် Kim မိန့်ခွန်းပြောခဲ့တယ်လို့ အစီရင်ခံဖော်ပြခဲ့ပါတယ်။
Kim Jong Un က သူ့နိုင်ငံရဲ့ပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ဖိအားပေးတာမျိုးနဲ့ အင်အားသုံးပြီး ထိန်းချုပ်တာမျိုးကို အာရုံထားသင့်တယ်လို့ ပြောပါတယ်။ သူက အမေရိကန်ပြည်ထောင်စုကို အဓိကအဟန့်အတားနဲ့ အကြီးမားဆုံးသောရန်သူလို့ ခေါ်ဆိုခဲ့ပါတယ်။
သူ့ရဲ့အခုလိုမှတ်ချက်ဟာ အခုလနှောင်းပိုင်းမှာ ရွေးချယ်ခံအမေရိကန် သမ္မတ Joe Biden သမ္မတအဖြစ်စတင်ထမ်းဆောင်ခင်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။
Kim Jong Un က သမ္မတဘယ်သူပဲဖြစ်ဖြစ် အမေရိကန်အစိုးရရဲ့ ‌မြောက်ကိုရီးယားအစိုးရအပေါ် ထားရှိတဲ့ မူဝါဒဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြားအနာဂတ်ဆက်ဆံရေးရဲ့ သော့ချက်က အမေရိကန်ဟာ သူ့ရဲ့ ရန်လိုတဲ့ရပ်တည်ချက်ကို အဆုံးသတ်ရမယ်လို့ သူက ပြောပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေကို ပိုမိုအရွယ်သေးအောင်နဲ့ အလေးချိန်ကို လျှော့ချဖို့လုပ်မယ်၊ တာတိုပစ်နျူကလီးယားလက်နက်တွေကို တီထွင်မယ်၊ အင်မတန်ကြီးမားတဲ့ နျူကလီးယားထိပ်ဖူးတွေ စဉ်ဆက်မပြတ်ထုတ်လုပ်ရေးကို လုပ်ဆောင်သွားမယ်လို့ အတည်ပြုပြောဆိုသွားပါတယ်။